Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image

အခြေခံ အဆောက်အဦ

  • Sunday, December 12, 2010
  • .
  • အကြောင်းအရာ >
  • ဒေါက်တာ မောင်ဘချစ် - ဒီဇင်ဘာ ၁၂၊ ၂၀၁၀

    နိုင်ငံတနိုင်ငံကို တည်ဆောက်ဖို့ အခြေခံအဆောက်အဦကောင်းကောင်း လိုတယ်။

    ‘အခြေခံ အဆောက်အဦဆိုတာ ဘာလဲ’

    ဒီအတွက် ကျယ်ကျယ်ပြန့်ပြန့် ရှင်းပြလိုတယ်။

    ဒီစကားကို ၁၉၆ဝ ခုနှစ်များမှာမှ ကြားဖူးတာပါ။ မြန်မာပြည်မှာ ၁၉၇ဝ ခုနှစ်များကစပြီး တွင်တွင်ကျယ်ကျယ် သုံးစွဲလာတာ ဖြစ်တယ်။

    ဒုတိယကမ္ဘာစစ်ကြီးအပြီးမှာ အိုးအိမ်ဖွံ့ဖြိုးရေရး စီမံကိန်းတွေကို နိုင်ငံတကာမှာ အကောင်အထည် ဖော်လာတဲ့အခါ ပိုပြီး သုံးလာကြတယ်။ အထူးသဖြင့် အင်ဂျင်နီယာဌာနက လမ်းတံတားတွေ တည်ဆောက်တဲ့အခါ ဒီစကားကို ပိုသုံးလာတယ်။

    စစ်ကြီးအပြီးမှာ အစစအရာရာ ရှားပါးနေပါတယ်။ အဲဒီအချိန်မှာ လက်နက်စက်ရုံတွေဟာ အလုပ်မဖြစ်တော့ဘူး။ ဒါကြောင့် တကမ္ဘာလုံး စက်မှုလက်မှုလုပ်ငန်းတွေ ပြောင်းလဲ အကောင်အထည် ဖော်လာကြတယ်။ ဒီအတိုင်းပဲ တဖက်က စားဝတ်နေရေးအတွက် အလေးထားလာကြတယ်။ စစ်အတွင်းက ဗုံးဒဏ်ခံထားရတဲ့ မြို့တွေ ရွာတွေကို ပြန်လည် တည်ဆောက်လာကြတယ်။

    ဒါကြောင့် အခြေခံအဆောက်အဦ လိုအပ်ချက် ဆိုတဲ့စကားတွေကို ကြားလာရတာ ဖြစ်တယ်။

    အခြေခံ အဆောက်အဦဆိုတာ Infrastructure ကို ဘာသာပြန်ထားတာပဲ။

    လူမှုအဖွဲ့အစည်းအတွက် အခြေခံလိုအပ်ချက်တွေကို Infrastructure လို့ ခေါ် တယ်။ မြို့တွေ ရွာတွေကို တည်ဆောက်ခဲ့ရင် လိုအပ်တာတွေဖြစ်တဲ့ လမ်း၊ တံတား၊ ရေ၊ မီး စတာတွေကို အခြေခံ အဆောက်အဦ လို့ ခေါ်တာပါပဲ။

    ယနေ့ခေတ်မှာ လမ်းဆိုရင် ကတ္တရာလမ်းမ၊ ရေဆိုရင် ဘုံဘိုင်ရေ၊ မီးဆိုရင် လျှပ်စစ်မီးပါပဲ။

    စစ်အပြီးမှာဒါတွေဟာ အဓိကလိုအပ်ချက်တွေပဲပေါ့။ ယနေ့မှာ ဒါတွေဟာ မြို့တိုင်းမှာ ရှိတတ်တာမို့ အများက သတိမထားမိကြပါဘူး။

    မရှိရင်တော့ သတိထားမိတယ်။ မီးပျက် ရေပျက်မယ်၊ လမ်းပျက် တံတားပျက်မယ်ဆိုရင်တော့ အခြေခံ အဆောက်အဦ မကောင်းဘူးပေါ့။

    တကယ်တန်းမှာ ခုပြောတဲ့ လမ်း၊ တံတား၊ ရေ၊ မီး စတဲ့ အခြေခံအဆောက်အဦတွေကို အမာထည် တွေလို့ ခေါ်တယ်။ အခြေခံအဆောက်အဦမှာ အပျော့ထည်တွေ ရှိသေးတယ်။ အဲဒါကတော့ ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံရေး စတဲ့ လူမှုရေးတွေပါပဲ။ အပျော့ထည်တွေ မပြည့်စုံရင် အဲဒီနိုင်ငံကတော့ မတိုးတက် နိုင်ပါဘူး။

    အရင်ခေတ်ကတော့ လူတွေ နည်းတယ်။ မြို့ရွာတွေဟာ နေဖြစ်ရုံ တည်ဆောက်ထားကြပါတယ်။ ကူလူးဆက်ဆံမှုဟာ လည်းဒေသတွင်းမှာသာ ဖြစ်တယ်။ နောက်ပိုင်းမှာ ကူးလူးဆက်ဆံမှုတွေ များလာတယ်။ မြို့တွေရွာတွေဟာ စီမံချက်တွေနဲ့ တည်ဆောက်လာတယ်။ ရေအတွက် ဆည်တွေ ရေလှောင်ကန်တွေ၊ လျှပ်စစ်မီးအတွက် စက်ရုံတွေ၊ လမ်းတံတားအတွက် ဘိလပ်မြေစက်ရုံတွေကို တည်ဆောက်လာတယ်။ ဒါ့အပြင် ကျန်းမာရေးအတွက် ဆေးရုံတွေ၊ အားကစားကွင်းကအစ ပန်းခြံတွေ အမှိုက်သိမ်းစနစ်တွေ ပါဝင်လာတာ ဖြစ်တယ်။ စည်းမျဉ်း စည်းကမ်းတွေဟာလည်း အရေးပါလာတယ်။

    ဒီတော့ အခြေခံအဆောက်အဦဆိုတာ လူမှုအဖွဲ့အစည်းတခုအတွက် အထောက်အပံ့ဖြစ်သော အရာလို့ဆိုရင် မမှားပါဘူး။

    တကယ်တန်းမှာ အခြေခံအဆောက်အဦ လိုက သာမန်ဆိုရင်တော့ ရုပ်ပိုင်းဆိုင်ရာ နည်းပညာတွေနဲ့ လူတွေနေထိုင်မှုအတွက် အဆင်ပြေလွယ်ကူစေတာကို အဓိကပြောတာပါပဲ။ ဒါပေမယ့် နောက်ပိုင်းမှာ စိတ်ပိုင်းဆိုင်ရရာ အထောက်အကူပြုမှုတွေကိုပါ ရောယှက်ကာ ထည့်လာကြတာ ဖြစ်တယ်။

    ပညာရေးကျန်းမာရေးတွေဟာ အခြေခံအဆောက်အဦအတွက် မရှိမဖြစ် လိုအပ်တာတွေ ဖြစ်လာတယ်။

    စစ်ကြီးအပြီးမှာ ကျန်းမာရေးဟာလည်း အဓိကပြဿနာပါပဲ။ ကမ္ဘာ့ကုလသမဂ္ဂ ကျန်းမာရေးအဖွဲ့ ကနေပြီး ကူးစက်ရောဂါ အတော်များများကို စုပေါင်းဖြေရှင်း နှိမ်နင်းနိုင်ခဲ့တယ်။ လူတွေဟာ ကျန်းမာရေး အသိပညာရှိကြဖို့ ကြိုးပမ်းတယ်။ ဒါပေမယ့် အဟာရချို့တဲ့တာတွေကြောင့်အပြင် ကျန်းမာရေး အသိမရှိတာတွေကြောင့် နေမကောင်းတာတွေ ဖျားနာတာတွေဟာ နေရာတကာမှာ အများကြီးပါပဲ။

    တခေတ်က ဆေးရုံတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ မလုံလောက်တော့ ဒေါက်တာ ရမ်းကုတွေ အများကြီး ပေါ်လာခဲ့တယ်။ ဒီအရှိန်ဟာ ယနေ့ထိ မသေသေးပါဘူး။ လူတွေဟာ ဆေးဆိုင်တွေ ကွမ်းယာဆိုင်တွေကပေးတဲ့ ‘စပ်ဆေး’ ကိုသောက်ပြီး ဆေးကုခံနေသူတွေ အများကြီးပါပဲ။

    “ကျွန်တော် စပ်ဆေးသောက်လိုက်လို့ နေကောင်းသွားပြီ”

    ဒီလိုပြောသံကြားရလို့ ဝမ်းသာပါတယ်။ ဒါပေမယ့် ဒီလူတွေဟာ ဆေးကို ဆေးပတ်လည်အောင် မသောက်ကြဘူး။ သူတို့ကို ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားတွေဟာ ဆေးပြီးသွားတယ်။ နောက်တကြိမ် ဒီရောဂါဖြစ်ရင် ကုသရခက်သွားပြီ၊ ပိုဆိုးတာက အဲဒီရောဂါပိုးတွေဟာ အခြားသူတွေကို ကူးစက်သွားတဲ့ အခါ ပြဿနာအကြီးကြီး ဖြစ်လာတော့တာပါပဲ။

    လူတွေရဲ့ ကျန်းမာရေးမကောင်းတော့ စီးပွားရေးကိုလည်း ထိခိုက်တယ်။ လူတယောက် နေမကောင်းရင် သူကိုယ်တိုင်သာမက သူ့ကိုပြုစုရသူတွေပါ အလုပ်ပျက် အကိုင်ပျက် ဖြစ်ရတယ်။

    မိုးရာသီလို စိုစွတ်တဲ့ရာသီရောက်လာရရင် ခြင်တွေ ပေါက်ဖွားတယ်။ အဲဒီကနေ ကလေးတွေ သွေးလွန်တုပ်ကွေး ရောဂါဖြစ်လာတယ်။ ယနေ့မှာ အဲဒီ သွေးလွန်တုပ်ကွေးဗိုင်းရပ်ဟာ အသွင်ပြောင်း (mutant) ဖြစ်လာပြီး လူကြီးတွေကိုပါကူး ကုန်တော့တာပါပဲ။ ဒီတော့ ၂ဝ ရာစုနှောင်းပိုင်းမှာ ပြည်သူလူထု လိုအပ်ချက်တွေကို အဓိကထား ပြောကြားလာတာတွေကို အခြေခံ အဆောက်အဦလို့ ခေါ်လာတယ်။

    ၂၁ ရာစုအစမှာတော့ အဲဒီလိုအပ်ချက်တွေဟာ ပိုပြီး ကျယ်ပြန့်လာတယ်။

    အဓိအားဖြင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးကိုပါ စဉ်းစားလာတယ်။ (going greent) လို့ ဆိုလာတယ်။

    မြို့တမြို့အတွက် အဆောက်အဦ လိုအပ်ချက်တွေသာမကဘဲ သစ်ပင်တွေ၊ ပန်းခြံတွေထားရှိဖို့ အမှိုက်တွေကို စနစ်တကျ စွန့်ပစ်ဖို့ဟာ အတော်လေး အရေးပါလာတယ်။ တဖက်က သစ်ပင်စိုက်နေပေမယ့် တဖက်က ခုတ်ပစ်နေရင်တော့ အဆင်မပြေဘူး။

    အခြေခံ အဆောက်အဦ မကောင်းရင် ကျန်တာတွေအားလုံး ပျက်တော့တာပါပဲ။

    ဥပမာ လျှပ်စစ်မီးပေါ့။

    လျှပ်စစ်မီးဟာ အခြေခံအဆောက်အဦမှာ အသက်ရှူတဲ့အခါမှာ လေထဲမှာ အောက်ဆီဂျင် အရေးပါသလို အရေးပါလှတယ်။ များလို့လည်း မရဘူး။ နည်းလို့လည်း မရဘူး။

    ကျွန်တော်တို့ရဲ့ ဈေးတွေအတော်များများဟာ ဝါယာရှော့ဖြစ်ပြီး မီးလောင်တာတွေ ရှိတယ်။

    ဒီအတိုင်းပဲ တဖက်က မီးမလာလို့ အလုပ်မဖြစ်တာတွေလည်း အများကြီးပါပဲ။

    ကျန်းမာရေးပျက်ရင် စီးပွားရေးပျက်သလို ပညာရေးမကောင်းရင်လည်း အဆင်မပြေဘူး။ ဘယ်သူက ဒါတွေကို တာဝန်ယူမှာလဲ။

    နိဂုံး

    နိဂုံးချုပ်ပါတော့မယ်။

    လူတွေဟာ အသိဉာဏ်ဘယ်လောက်ရှိရှိ ကောင်းမွန်တဲ့ ပတ်ဝန်းကျင် လိုတယ်။ ဒီပတ်ဝန်းကျင်ဟာ မေတ္တာတရား သက်သက်နဲ့တော့ ထိန်းလို့မရဘူး။ အခြား စားဝတ်နေရေး လိုအပ်ချက်တွေ ပြည့်စုံပြီး စည်မျဉ်းစည်းကမ်းတွေ၊ စေတနာတွေလည်း ပါရတယ်။ အသိပညာလည်း လိုတယ်။ ဒါပေမယ့် အသိပညာသက်သက်နဲ့လည်း မရဘူး။ လုပ်နိုင်ကိုင်နိုင်တဲ့ အခွင့်အရေးမရှိရင်တော့ ဘယ်လိုလုပ်ကြရမှာလဲ။

    ကိုယ်မချိသော်လည်း သားတော်ခဲ ဆိုတဲ့ စကားလိုပါပဲ။ မသင့်တော်ပေမယ့်လည်း လုပ်လိုက်ရတာတွေ ရှိတယ်။

    “နေမကောင်းဖြစ်နေတယ်။ ဆရာဝန်ဆီမှ မသွားနိုင်ဘဲ။ ဒီတော့ စပ်ဆေးလေးလောက်နဲ့ ပြီးလိုက်ရတယ်” ဆိုတဲ့ လူတွေ အများကြီးပါပဲ။

    ကျွန်တော်တို့ရဲ့ လူနေမှုပုံစံတွေဟာ အရင်ခေတ်ကလို မဟုတ်တော့ပါဘူး။ လူဦးရေ သန်း၂ဝဝဝ မဟုတ်တော့ပါဘူး။သန်း ၆ဝဝဝ ကျော်လာပြီလေ။

    ကမ္ဘာကြီးလည်း ပူနွေးလာနေတယ်။ ရေခဲမြစ်တွေ ပျော်နေတယ်။ လောလောလတ်လတ် ရေတွေကြီးတဲ့နေရာတွေ အများကြီးဖြစ်နေတယ်။ မုန်တိုင်းကျတယ်။ အဆောက်အဦတွေ ရေထဲမျောကုန်တယ်။ လူတွေသေတယ်။

    ပိုမိုကောင်းမွန်တဲ့ ကမ္ဘာကြီးအတွက် အခြေခံအဆောက်အဦကို တည်ဆောက်ဖို့ ဘယ်သူတွေ လိုလဲ။

    မယုံမရှိနဲ့။ ကျွန်တော်တို့တတွေပါပဲ။

    မျက်နှာလွှဲခဲပစ် မလုပ်ပါနဲ့။ လူတိုင်းတတ်နိုင်သမျှ တာဝန်ယူလုပ်ဆောင်ကြဖို့ တိုက်တွန်းအပ်ပါတယ်။