ကမ္ဘာ့ဆန်တင်ပို့မှုတွင် ထိုင်းနိုင်ငံ၏ နောက်ဒုတိယနေရာတွင်  ရပ်တည်နေသော ဗီယက်နမ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင်  စိုက်ပျိုးမြေငှားရမ်း၍ ဆန်စပါး ထုတ်လုပ်လိုကြောင်း ကမ်းလှမ်းထားသည်ဟု  နိုဝင်ဘာလ တတိယပတ်အတွင်း ကျင်းပသည့် မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံ  လုပ်ငန်းရှင်များ တွေ့ဆုံပွဲ တက်ရောက်ခဲ့သူများထံမှ သတင်းရရှိပါသည်။ ယင်းအပြင် မြန်မာနိုင်ငံမှထွက်ရှိသည့် ပဲဖတ်၊ ပြောင်းဖတ်စသည်ဖြင့်  တိရစ္ဆာန်အစာများကို ၀ယ်ယူလိုကြောင်း၊ ကွန်တိန်နာ လုပ်ငန်းများတွင်  အကျိုးတူလုပ်ကိုင်လိုကြောင်း ကမ်းလှမ်းခဲ့သည်ဟုလည်း သိရသည်။
     ''မြေငှားစိုက်တဲ့အခါ သူတို့ နည်းပညာနဲ့ စိုက်ချင်တယ်။ အဓိက  စပါးစိုက်ချင်တယ်လို့ ပြောပါတယ်။ ကွန်တိန်နာလုပ်ငန်းမှာ အကျိုးတူ  ပူးပေါင်းလုပ်ကိုင်မယ်။ ဗီယက်နမ် နိုင်ငံထုတ် လူသုံးကုန်ပစ္စည်းတွေ၊  ရေသန့်စက်၊ ရေစုပ်စက်လို စက်ပစ္စည်းတွေ ပြန်တင်သွင်းချင်တယ်လို့ ပြောပါတယ်။  သူတို့က မြန်မာနိုင်ငံထွက် တိရစ္ဆာန်အစာတွေ ၀ယ်ချင်သလို မြန်မာဘက်က တိရစ္ဆာန်  အစာကုန်ကြမ်း ရောင်းချသူတွေကလည်း ရောင်းချင်တယ်''ဟု အဆိုပါ တွေ့ဆုံပွဲသို့  တက်ရောက်ခဲ့သူ လုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့သည်။
   ''ဗီယက်နမ်က  လက်ရှိ ကမ္ဘာ့ဆန်တင်ပို့တဲ့နေရာမှာ ထိုင်းပြီးရင် ဒုတိယလိုက်တယ်လေ။  ၂၀၀၉-၂၀၁၀ တုန်းက ဗီယက်နမ်အနေနဲ့ တန်ချိန်ခြောက်သိန်းနီးပါး  ပို့နိုင်ခဲ့တယ်။ ဒီမှာသူတို့ လာစိုက်ချင်တယ် ဆိုတာ မြန်မာ့ရေမြေက  စိုက်ပျိုးထုတ်လုပ်ဖို့ သင့်တော်သလို ကျယ်ဝန်းတယ်။ အဲဒီအတွက် သူတို့က  စိုက်ချင်နေတာ။ သူတို့နည်းပညာနဲ့ စိုက်ရင် အများကြီးထွက်မယ်လို့  မျှော်လင့်ကြပုံရတယ်။ သူတို့စပါးမျိုးနဲ့ သူတို့ဆီမှာ စိုက်ပျိုးတာက  တစ်ဧကကို စပါးတင်း ၂၀၀ ကျော် ထွက်တယ်။ အဲဒီအတွက်  လာစိုက်ပျိုးခွင့်ရမယ်ဆိုရင် သူတို့နည်းပညာ သူတို့မျိုးကို  စိုက်ချင်တယ်ပြောတာပါ''ဟု ဆန်စပါး လုပ်ငန်းရှင်တစ်ဦး က ရှင်းပြခဲ့သည်။
ကမ္ဘာ့ဆန်တင်ပို့သည့် ထိပ်တန်းနိုင်ငံများ
| နိုင်ငံ | ပမာဏ(တန်ချိန်ထောင်ပေါင်း) | 
| ထိုင်း | ၁၀၀၀၀ | 
| ဗီယက်နမ် | ၅၅၀၀ | 
| ပါကစ္စတန် | ၃၈၀၀ | 
| အမေရိကန် | ၃၁၅၀ | 
| အိန္ဒိယ | ၂၀၀၀ | 
| တရုတ် | ၁၅၀၀ | 
| မြန်မာ | ၈၁၈ | 
| ကမ္ဘောဒီးယား | ၈၀၀ | 
| ဥရုဂွေး | ၇၅၀ | 
| ဘရာဇီး | ၃၀၀ | 
