ကချင်ပြည်နယ်၏ အဓိက တရုတ်နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းရှိ ဗလမင်းထင် ဧရာဝတီ တံတားတွင် လူဖြတ်သန်း သွားလာမှုအား မြန်မာစစ်အစိုးရမှ အချိန် ကန့်သတ်လိုက်ခြင်းကြောင့် ဒေသခံပြည်သူများနှင့် ကုန်သည်များ အခက်ကြုံတွေ့နေရကြောင်း သိရသည်။
တံတားမုဒ်ဝ တွက် ခရီးသွားများအား မြန်မာ စစ်အာဏာပိုင်များမှ စစ်ဆေးနေပုံ။ ပုံ-ကချင် သတင်းဌာန
ဧရာဝတီမြစ်၏ တဖက်တချက်ရှိ မြစ်ကြီးနား နှင့် ၀ိုင်းမော် မြို့နှစ်မြို့ကို ဆက်သွယ်ပေးသည့် ဗလမင်းထင်တံတား တွင် ပြီးခဲ့သည့် အပတ်မှစ၍ ညနေ ၆နာရီမှ မနက် ၆နာရီထိ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်လိုက်သည်။
“ဒေသခံ ပြည်သူတွေက ခက်ပြီလေ။ ၆နာရီပိတ်တာ ဆိုတော့ ၆နာရီအတောအတွင်းဝင်လာရမယ်။ အဲထက် နောက်ကျရင်တော့ ဝိုင်းမော်မြို့မှာ အိပ်လိုက်ရတယ်။” ဟု ဒေသခံတစ်ဦးမှ ပြောသည်။ယခုလို ညသွားလာခွင့် ပိတ်ပင်လိုက်သည်မှာ လာမည့် နှစ်သစ် ဇန်န၀ါရီ ၇ ရက်မှ ၁၁ ရက်ထိ “၆၃ ကြိမ်မြောက် ကချင်ပြည်နယ်နေ့ မနောပွဲတော်ကြီး” အား မြစ်ကြီးနားတွင် ကျင်းပမည် ဖြစ်သောကြောင့် မြို့တွင်းလုံခြုံရေး တင်းကြပ်လာခြင်း ဖြစ်သည်ဟု ဒေသခံများ သုံးသပ်ပြောပါသည်။

နှစ်စဉ်နှစ် ကချင်ပြည်နယ်နေ့ မနောပွဲတော်ကြီး ကျင်းပချိန်ရောက်တိုင်း မြို့တွင်း လူအဝင်အထွက် စစ်ဆေးမှု များတင်းကြပ်ပြီး မနောပွဲကျင်းပသည့် စီတာပူ မနောကွင်းအထဲတွင်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များ နေရာချ ထားလျက်ရှိသည်။မြစ်ကြီးနားမြို့တွင် ကျောင်းတက်နေသည့် ဝိုင်းမော်တစ်ဖက်ကမ်းမှ ကျောင်းသူကျောင်းသား များက အိမ်ပြန်နောက်ကျမည် စိုးရိမ်သဖြစ် ၎င်းတို့၏ ညကျူရှင်ချိန် ရွှေ့လိုက်ရကြောင်းကိုလည်း ဝိုင်းမော် ဒေသခံတစ်ဦးမှ ပြောသည်။
တဖက်မှာလဲ ယခုလို တံတား ဖြတ်သန်းခွင့် အချိန်ကန့်သတ်လိုက်ခြင်းပေါ် ဝိုင်းမော်မြို့နယ် ဒေသခံတစ်ဦးမှ “စစ်အစိုးရနှင့် ဆိုင်တဲ့လူတွေ၊ရေအားလျှပ်စစ်ကားတွေဖြတ်ဖို့နေမှာ။အဲကားမှာဘာတွေ သယ်သွား၊ သယ်လာ လုပ်တယ် ဆိုတာ မသိခိုင်းစေတာကြောင့် ဖြစ်မယ်။” ဟုလည်း ထင်မြင်ချက်ပြောသည်။ တရုတ်နယ်စပ်မှ မြစ်ကြီးနားသို့ ဝင်ရန် တစ်ခုတည်းသာရှိသည့် ဗလမင်းထင်တံတား မုဒ်ဝ၌လည်း ဖြတ်သန်း သွားလာနေသည့် ဒေသခံ၊ ခရီးသွားများအား စစ်အာဏာပိုင်များမှ ပုံမှန်မေးမြန်းစစ်ဆေးနေသည်မှာ ယခုချိန် ပိုပြီးတင်းကြပ်လာ ကြောင်း ဒေသခံများပြောသည်။