ချင်းမိုင်(မဇ္စျိမ) ။ ။ ၂၁ ရာစု ပင်လုံညီလာခံခေါ်ယူရေးကို ၂၀၁၀ အရွေးချယ်ခံ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ကြိုဆိုထောက်ခံကြောင်း ပါတီဥက္ကဋ္ဌ နိုင်ငွေသိန်းက ပြောသည်။“ဒုတိယပင်လုံက စစ်မှန်သော ပြည်ထောင်စုဆိုတာက တန်းတူရေး ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ဆိုတာတွေ ပါတာကိုး၊ ဒါက တိုင်းရင်းသားတွေ မျှော်လင့်တဲ့ အရာတခုပါဘဲ ”ဟု ပါတီ ဥက္ကဋ္ဌ နိုင်ငွေသိန်းက ပြောသည်။
အမေရိကန် အရှေ့အာရှနှင့် ပစိဖိတ်ဒေသ
(ဓါတ်ပုံ :: IMNA)
“ ကျနော်တို့ ပါတီမူထဲမှာလဲ ပါနေတော့ ကြိုဆိုပါတယ်။ ဘယ်လိုလုပ်ရမယ်ဆိုတာ ညီညီညွတ်ညွတ် ဆွေးနွေး ညှိနှိုင်းကြတာက အကောင်းဆုံးပေါ့။ အမျိုးသား ပြန်လည်သင့်မြတ်ရေးမှာ ညီညီညွတ်ညွတ် စည်းစည်းလုံးလုံး တိုင်ပင်ကြမယ်ဆိုရင် အပြည့်အဝ မဟုတ်တောင် အတိုင်းအတာ တရပ်အထိတော့ ဖြစ်လာမယ်လို့ တွက်တယ်”ဟု နိုင်ငွေသိန်းက မဇ္စျိမကို ပြောသည်။
သို့သော် ညီလာခံဖြစ်မြောက်ရေးအတွက် မည်သို့မည်ပုံ အကောင်အထည် ဖော်သွားရန် ပါတီက မဆုံးဖြတ်ရသေးကြောင်း သူက ပြောသည်။ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီသည် ရွေးကောက်ပွဲတွင် ၁၆ နေရာ အနိုင်ရထားသည်။“စစ်အစိုးရကို စိန်ခေါ်သလို ဖြစ်ချင်ဖြစ်မယ်၊ ဒါပေမဲ့ သူမကြိုက်ရင်လဲ သူလုပ်လို့ရတဲ့ အနေအထားမှာ ဆိုရင်တော့ လုပ်မှာပေါ့။ ပင်လုံဆိုတဲ့ စာချုပ်က တော်တော်အဆင့်မြင့်တယ်။ အားလုံးအတွက် တန်းတူညီတူ တကယ့် ဒီမိုကရေစီပါ၊ ဒီမိုကရေစီလုပ်ချင်တဲ့ လူတွေ လက်မခံနိုင်စရာ အကြောင်းမရှိဘူး”ဟု နိုင်ငွေသိန်းက မဇ္စျိမကို ပြောသည်။ဒုတိယပင်လုံ ညီလာခံ ခေါ်ယူရေးမှာ ပြည်ထောင်စု တန်းတူရေးပါရှိနေသဖြင့် မူအားဖြင့် လက်ခံ ထားသော်လည်း ၎င်းကြွေးကြော်မှုက အချိန် စောနေသေးသည်ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ပြောသည်။
အလားတူ ရွေးကောက်ပွဲတွင် ၅၉ နေရာ နိုင်ခဲ့သော ကျားဖြူ ခေါ် ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်တဦးကလည်း ဒုတိယပင်လုံ ညီလာခံ ကျင်းပရန် အချိန်စောသေးသည်ဟု ပြောဖူးသည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လက်ရှိ အာဏာရ အစိုးရ ပါဝင်လာရန် ဆွဲဆောင်နိုင်မှသာ အကောင်အထည် ဖော်နိုင်မည် ဖြစ်သလို ၁၉၉ဝနှင့် ၂ဝ၁ဝ ရွေးကောက်ပွဲ အနိုင်ရ ပုဂ္ဂိုလ်များကြား ရန်တိုက်ပေးသလို ဖြစ်နေမည်ဟု ဒေါက်တာအေးမောင်က ပြောသည်။ ဇိုမီးအမျိုးသား ကွန်ဂရက် ဥက္ကဋ္ဌ ပူကျင့်ရှင်းထန်က တိုင်းရင်းသားလူမျိုးစုများ တန်းတူရေးနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် ပို အာမခံသော ညီလာခံ ခေါ်ယူရေးတာဝန်ကို ဒေါ်အောင်ဆန်းစုကြည်အား အရင်လ ၂ဝ ရက်က လွှဲပြောင်းပေးခဲ့သည်။ အမေရိကန်သံတမန်နှင့်တွေ့ဆုံရာ တွင် နိုဝင်ဘာ ၇ ရွေးကောက်ပွဲ တရားမျှတမှု မရှိကြောင်း ပါတီကိုယ်စားလှယ်များ အကြမ်းဖျင်း တင်ပြခဲ့ကြသည်ဟုလည်း အမည်မဖော်လိုသော တက်ရောက်သူတဦးက ပြောသည်။