Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image

မြို့တော်ဝန် သနားမှ ချမ်းသာရမည့် ဈေးသူဈေးသားများ

  • Friday, December 31, 2010
  • .
  • အကြောင်းအရာ >
  • မျက်နှာများ၌ ၀မ်းနည်းကြေကွဲမှု၊ ပူပန်စိုးရိမ်မှု၊ စိတ်ဓာတ်ကျ အားငယ်မှုတို့ဖြင့် တထောင်ဝန်းကျင် ရှိသော လူအုပ်ကြီးသည် တစုံတခုအား စောင့်မျှော်နေကြသည်။

    ဒီဇင်ဘာလ ၂၄ ရက်နေ့ နေ့လယ် ၁၂ နာရီ ၀န်းကျင်အချိန်တွင် ဖြစ်သည်။ ရန်ကုန်မြို့ လှိုင်မြို့နယ်၌ အသစ်ဖွင့်လှစ်ထားသော သီရိမင်္ဂလာ ဈေးသစ်၏ ရှေ့ ကွက်လပ်၌ ဈေးသူဈေးသားများသည် ၎င်းတို့၏ ဆန္ဒအား ထုတ်ဖော်၍ လိုအပ်ချက်များ တောင်းဆိုရန် စုရုံး ထိုင်စောင့်နေကြခြင်း ဖြစ်သည်။

    thirimarket1

    သီရိမင်္ဂလာဈေးသစ် ဖွင့်ပွဲ (ဓာတ်ပုံ - ဧရာဝတီ)

    ရန်ကုန်မြို့ ကမ်းနားလမ်းမပေါ်ရှိ ၅ ထပ် အဆင့်မြင့် သီရိမင်္ဂလာဈေးကြီးအား အထက်ပါ နေရာသို့ ပြောင်းရွှေ့လိုက် ခြင်းကြောင့် ဈေးရောင်းချသူ ရာပေါင်းများစွာသည် ဈေးသစ်၌ အဆင်မပြေမှုများနှင့် ကြုံတွေ့နေကြရသည်။

    “ကျမတို့က တနေ့ဈေးရောင်းမှ တနေ့စားရတာလေ။ အခုရောင်းစရာ နေရာမရှိတော့ ဘယ်လိုလုပ်ပြီး ထမင်းစားကြ ရမယ်မှန်းကို မသိတော့ဘူး” ဟု ဆန္ဒထုတ်ဖော်နေသော လူအုပ်ထဲမှ အသက် ၄၀ ၀န်းကျင် အမျိုးသမီး တဦးက ပြောသည်။

    အဆိုပါ အမျိုးသမီး အပါအဝင် ဆန္ဒထုတ်ဖော်နေသည့် လူအုပ်ကြီးသည် ညနေ ၃ နာရီတွင်ဖွင့်လှစ်မည့် ဈေးသစ်ဖွင့်ပွဲ အခမ်းအနားသို့ လာရောက်မည့် ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်းကို စောင့်ဆိုင်းနေခြင်းဖြစ်ပြီး ၎င်းထံ၌ ဈေးရောင်းရန် နေရာရရှိရေးအတွက် တောင်းဆိုရန် နေပူဒဏ်ကို ဂရုမစိုက်အားဘဲ ထိုင်စောင့်နေကြခြင်း ဖြစ်သည်။

    “ဈေးသည် တထောင်လောက် ဈေးမရောင်းရရင် မှီခိုနေတဲ့လူ သောင်းချီပြီးတော့ စားဖို့ အခက်အခဲ ဖြစ်ရတယ်” ဟုအမျိုးသမီးများ နှင့်အတူ ထိုင်နေသော ဈေးသည်အမျိုးသား တဦးက ဆိုသည်။

    သီရိမင်္ဂလာဈေးဟောင်းကြီးသည် ၂၄ နာရီ ဖွင့်လှစ်ရောင်းချပေးနေသော ရန်ကုန်မြို့၏ တခုတည်းသော ဈေးကြီး ဖြစ်သည့်အပြင် ရန်ကုန်မြို့နှင့် တခြားသော ပြည်နယ်၊ တိုင်းများသို့ ဆက်သွယ်ကာ စားသောက်ကုန် ပစ္စည်းအများအပြား တင်ပို့ရောင်းချနေသော ဈေးလည်း ဖြစ်သည်။

    ထိုဈေး၌ အထပ် ၅ ထပ်ပါရှိကာ မြေညီနှင့် ပထမထပ်တို့တွင် ဟင်းသီးဟင်းရွက်၊ ကုန်စိမ်းမျိုးစုံ၊ အသီးအနှံများ၊ ပန်းမျိုးစုံ၊ ငါးပိ၊ ငါးခြောက်၊ ငန်ပြာရည်၊ ကုန်ခြောက်ပစ္စည်းအစုံကို လက်လီလက်ကား ရောင်းချခဲ့သည်။ ဈေးဆိုင်ခန်းပေါင်း ၂၂၈၀ ကျော်နှင့် ပျံကျ ဈေးသည် ထောင်ချီရှိပြီး တဈေးလုံး၌ ဈေးသူဈေးသား ၂ သောင်းဝန်းကျင် နေ့စဉ် ဈေးရောင်းချပေးနေခဲ့ကြောင်း ဈေးမှတ်တမ်းများအရ သိရသည်။

    ထိုသို့ ထောင်သောင်းချီသော ဈေးသူဈေးသားများသည် ဈေးသစ်၌ ဈေးရောင်းချရန် နေရာလုံးဝ အဆင်မပြေသော်လည်း ဈေးတာဝန်ရှိသူများက နေရာစီစဉ်ပေးခြင်းမရှိဟု ဈေးသူဈေးသားများက ပြောသည်။

    နေရာအဆင် မပြေသူများထဲတွင် ပျံကျ ဈေးသည်များအပြင် ဈေးဟောင်း၌ ဆိုင်ခန်းကိုယ်ပိုင်ရှိသူ များလည်း ပါဝင်သည်ဟု သိရသည်။

    သီရိမင်္ဂလာဈေးကြီးအား ပြောင်းရွှေ့ရခြင်းသည် ယာဉ်ကြောပိတ်ဆို့မှုကြောင့်ဟု ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်းနှင့်ဈေးတာဝန်ရှိသူများက ပြည်တွင်း ဂျာနယ်များကို ပြောဆိုခဲ့သည်။ သို့သော် အဆိုပါ ဈေးကြီးကို အေးရှားဝေါလ် ကုမ္ပဏီက အသုံးပြုမည်ဖြစ်ကြောင်း ဈေးသာယာရေး အဖွဲ့ဝင် တဦးက ဆိုသည်။

    “ဒီဈေးကြီးကို အေးရှားဝေါလ် ကုမ္ပဏီက သူတို့စီးပွားရေး အတွက်အသုံးပြုဖို့ မြို့တော်ဝန်နှင့်သဘောတူထားတယ်လို့ သိရတယ်” ဟု ၎င်းက ပြောသည်။

    အေးရှားဝေါလ် ပိုင်ရှင်သည် စစ်အစိုးရ၏ ထိပ်ပိုင်းခေါင်းဆောင်များနှင့် နီးစပ်သည့် ဦးထွန်းမြင့်နိုင် (ခေါ်) စတီဗင်လော ဖြစ်၍ ၎င်း၏ ဖိအားပေးမှုကြောင့် ပြောင်းရွှေ့ရခြင်း ဖြစ်နိုင်ကြောင်းလည်း သူက ဆိုသည်။

    သီရိမင်္ဂလာ ဈေးကြီးဘေး၌ တည်ဆောက်ထားသော အေးရှားဝေါလ် ကုမ္ပဏီပိုင် ဆိပ်ခံ ဘောများတွင် တရက်လျှင် ကွန်တိန်နာကားစီးရေ ရာချီ၍ ၀င်ထွက် သွားလာနေခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့မှု မကြာခဏ ဖြစ်လေ့ရှိ ကြောင်း သိရသည်။

    သီရိမင်္ဂလာဈေးကြီးသည် အထပ်မြင့် အဆောက်အအုံ တခုဖြစ်ပြီး အချက်အချာကျသည့် နေရာတွင် တည်ရှိနေခဲ့ သောကြောင့် အေးရှာဝေါလ်ကုမ္ပဏီက စိတ်ဝင်စားမှု ရှိပုံရကြောင်း၊ ဈေးပြောင်းရွှေ့ရခြင်းနှင့် ပတ်သက်၍ ဦးထွန်းမြင့်နိုင်နှင့် မြို့တော်ဝန်တို့ ငွေကြေးအပေးအယူ သဘောတူညီမှု ရယူကာ ဈေးကို အမိန့်အာဏာ အသုံးပြု၍ ပြောင်းရွှေ့ခိုင်းခြင်း ဖြစ်နိုင်ကြောင်း ဈေးသူဈေးသားများက ပြောဆိုကြသည်။

    ယခုအခါ သီရိမင်္ဂလားဈေးဟောင်း နေရာများကို လေလံစနစ်ဖြင့် စတင်ရောင်းချတော့မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက တရားဝင် ကြေညာထားသည်။

    မြို့တော်ဝန် ဦးအောင်သိန်းလင်းသည် ရန်ကုန်၏ စီးပွားရေး အချက်အချာ ကျသည့်နေရာများကို မကြာခဏ လေလံပစ်လေ့ရှိပြီး ၎င်းတဦးတည်းက ချုပ်ကိုင်၍ လက်ဝါးကြီး အုပ်လေ့ ရှိခြင်းအပေါ် စည်ပင် ၀န်ထမ်းများက မကျေနပ်ကြကြောင်း ကြားသိရသည်။

    သီရိမင်္ဂလာဈေးကြီး၌ ကားစီးရေ အများအပြား ထားရှိနိုင်သော ကားပါကင်၊ ကုန်ပစ္စည်း အများအပြား သိုလှောင်ထားနိုင်သော နေရာများကို အေးရှားဝေါလ်က မျက်စိကျနေသည်ဟု ဈေးသာယာရေး အဖွဲ့ဝင်တဦးက ဆိုသည်။ လက်ရှိ ဖြစ်ပျက်နေသော ကိစ္စသည် ငွေကြေးကိုသာ ဦးစားပေးသော မြန်မာအစိုးရ အာဏာပိုင်များ၏ မဆန်းပြားသော ဇာတ်လမ်း တခုသာ ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

    သီရိမင်္ဂလာဈေးဟောင်းအား ကီလီဈေးကို ဖျက်၍ ပြောင်းရွှေ့ကာ ၁၉၉၇ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် စတင် ဖွင့်လှစ်ပေးခဲ့သည်။

    “ဒီဈေးကြီးက ကီလီဈေးကို ဖျက်ပြီးတော့ပြောင်းလာတာပါ၊ အဲဒီတုန်းက တခါဘ၀ပျက်ခဲ့ပြီးပြီ။ ဒီဈေးကို ရောက်တော့ လုံးဝမပြောင်းရတော့ဘူးလို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်တိုင် လာကြည့်ပြီး ပြောခဲ့တာ ကြားယောင်နေတုန်းပဲ” ဟု ဆိုင်ခန်းပိုင်ရှင် တဦးက ပြန်ပြောင်း ပြောပြသည်။

    ထိုအချိန်က ဆိုင်ခန်းတခန်းလျှင် ကျပ် ၄ သိန်းပေးသွင်းခဲ့ရကြောင်းလည်း ၎င်းက ဆိုသည်။

    သီရိမင်္ဂလာ ဈေးပြောင်းမည့် အကြောင်းကို ဈေးသူဈေးသားများ၊ ဈေးသာယာရေး အဖွဲ့ဝင်များတို့ကို ကြိုတင်ပြောဆိုမှု မရှိခဲ့ကြောင်း သိရသည်။

    လက်ရှိဈေးသစ်နှင့်ပတ်သက်၍ ဈေးဝယ်သူ အိမ်ရှင်မ တဦးက “သွားရလာရတာက အရင်လို အဆင်မပြေတဲ့အပြင် ကုန်ဈေးတွေလည်း ပိုကြီးသွားတယ်” ဟု ဆိုသည်။

    ဈေးရောင်းချနေသူ ဈေးသည် တချို့ကလည်း ယခု ဈေးသစ်သည် ဈေးဟောင်းကဲ့သို့ အရောင်းအ၀ယ် မကောင်းဟု ဆိုကြသည်။

    လက်ရှိဖွင့်လှစ်ထားသော သီရိမင်္ဂလာ ဈေးသစ်သည် လှိုင်မြို့နယ်၊ ဘုရင့်နောင်လမ်း၊ ပိတောက်ချောင်းအနီးရှိ မြေဧက ၁၇ ဒသမ ၇၅ ဧကပေါ်၌ ဆောက်လုပ်ထားသော တထပ်ဟောလ်တိုက် ပုံစံ ဈေးဖြစ်ပြီး ဈေးဆိုင်ခန်းပေါင်း ၂၉၀၃ ခန်း၊ ဈေးရုံ ၉ ရုံ၊ ကားစီးရေ ၂ ထောင်ကျော် ထားနိုင်သော ကားပါကင်တို့ ပါရှိသည်။

    “တထပ် ဆောက်ရတာက မီးဘေး အန္တရာယ် ကင်းဖို့နဲ့ လေ၀င်လေထွက် ကောင်းဖို့ပါ” ဟု မြို့တော်ဝန် ဦးအောင်သိန်းလင်းက ပြည်တွင်းဂျာနယ်များကို ပြောဆိုသည်။

    ရန်ကုန်မြို့ရှိ ဈေးကြီးများသည် မကြာခဏ မီးလောင်မှုဖြစ်လေ့ရှိပြီး ယခုနှစ်အတွင်း ဖြစ်ပွားခဲ့သော သင်္ဃန်းကျွန်းဈေးကြီး မီးလောင်မှုသည် မီးသတ်ဦးစီးဌာန၏ ပေါ့ဆမှုကြောင့် ဆုံးရှုံးမှု များသွားရကြောင်း မြို့တော်ဝန်က လျှပ်တပြက် ဂျာနယ်နှင့် အင်တာဗျူးတွင် ဖြေဆိုထားသည်။

    မီးသတ်ဦးစီးဌာနမှ ပြောဆိုရာတွင် ဈေးများ၌ မီးသတ်ရေကန်မရှိခြင်း၊ ဈေးများ၏ တည်ဆောက်မှုပုံစံ မှန်ကန်မှု မရှိခြင်း၊ ဈေးဆောက်မည်ဆိုပါက ဈေးတာဝန်ရှိသူများသည် မီးသတ်ဌာန၏ မီးဘေးအကြံဉာဏ် ယူလေ့မရှိခြင်း တို့ကြောင့် မီးလောင်မှု မကြာခဏဖြစ်ပွားရသည်ဟု ဆိုသည်။

    ရန်ကုန်မြို့၌ အခွန်လွတ်ဈေး ၁၁ ခုအပါအ၀င် စုစုပေါင်း ၁၆၈ ဈေးရှိပြီး ဈေးအားလုံးနီးပါးသည် မီးဘေးကာကွယ်မှု စနစ် အားနည်းကြောင်း သိရသည်။

    ဈေးပေါင်း ၁၀၀ ကျော်အနက် အများစုသည် ဟောင်းနွမ်းနေခြင်း၊ လူနေအိမ်များနှင့်နီးကပ်လွန်းခြင်းတို့ကြောင့် ပြောင်းရွှေ့ရနိုင်သော ဈေးကြီးများ၊ ဈေးဟောင်းများ ရှိနေ၍ ရန်ကုန်မြို့မှ ဈေးသူဈေးသားများသည် ကျီးလန့်စာစား ဘ၀သို့ ရောက်ရှိနေကြောင်း မီးသတ်ဦးစီးဌာန တာဝန်ရှိသူတဦးက ဆိုသည်။

    ပြောင်းရွှေ့ရမည်ဟု လတ်တလော သတင်းထွက်နေသော ဈေးကြီးများမှာ သင်္ဃန်ကျွန်း စံပြဈေးကြီး၊ ဗဟိုစံပြ ငါးဈေးကြီး၊ ရွှေတိဂုံ စေတီ ခြေရင်းရှိ ဒဂုံမြို့နယ်ဈေး၊ တောင်ဥက္ကလာပ မြို့နယ်မှ နန္ဒ၀န်ဈေးကြီး တို့ဖြစ်သည်။ ထို့ကြောင့် ထိုဈေးများမှ ဈေးသူ ဈေးသားများသည် စိုးရိမ်သောက ရောက်နေကြကြောင်း သိရသည်။

    “သူတို့ကဈေးတွေ ပြောင်းရမယ်ဆိုတာ ဘယ်တော့မှ ကြိုမပြောဘူး။ ပြင်ဆင်မှုက မရှိတော့ လူတွေ ဒုက္ခရောက် ကြတယ်။ ပြောင်းမယ့်ကိစ္စ ကန့်ကွက်တာများတဲ့ ဈေးဆိုရင် မီးရှို့ပစ်တတ်တယ်” ဟု ဗဟိုစံပြဈေးမှ အ၀တ်အထည် ရောင်းချသူ ဈေးဆိုင်ပိုင်ရှင် တဦးက ပြောသည်။

    သင်္ဃန်းကျွန်း ဈေးကြီးမီးလောင်မှုတွင်လည်း ၎င်း၏ အထည်ဆိုင်မီးလောင်ခံခဲ့ရပြီး သိန်းရာဂဏန်း ဆုံးရှုံးခဲ့ရသည်ဟု ရှင်းပြသည်။ ထိုမီးလောင်မှုသည် အာဏာပိုင်တို့၏ ရှို့မီးဟုသာ ထင်မြင်ကြောင်းလည်း သူက ဆိုသည်။

    thirimarket2

    ဈေးရှေ့မှ ဆောက်လုပ်ဆဲ ကားရပ်နားရာနေရာ (ဓာတ်ပုံ - ဧရာဝတီ)

    အာဏာပိုင်တို့၏ လုပ်ရပ်သည် သာမန်ပြည်သူများအား ကူညီမှု မရှိသည့်အပြင် ဒုက္ခဆင်းရဲတွင်းသို့ တွန်းပို့နေသည့် အသွင်သဏ္ဍန် ဆောင်နေကြောင်း၊ ဈေးမီးလောင်မှု၊ နေရာပြောင်းရွှေ့ရမှု တို့သည် နအဖ စစ်အစိုးရ လက်ထက်တွင် ပိုမိုများပြား လာကြောင်း စီးပွားရေး လုပ်ငန်းရှင် တဦးက ဆိုသည်။ ဈေးသစ်တည်ဆောက်မှုများ တိုးပွားလာသော်လည်း အရည်အသွေး တိုးတက်မှု အားနည်းကြောင်း သူက သုံးသပ် ပြောဆိုသည်။

    သီရိမင်္ဂလာဈေးမှ ဈေးသည်များ၏ ဆန္ဒပြ တောင်းဆိုချက်ကို ကြည့်ခြင်းဖြင့် အာဏာပိုင်တို့၏ ပြည်သူများအပေါ် အလေးမထားခြင်း၊ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းတို့ ပိုမို ပေါ်လွင် ထင်ရှားနေကြောင်း ၎င်းက ဆက်ပြောသည်။

    ဈေးသစ်ဖွင့်လှစ်ပြီး တပတ်ခန့်ရှိသည့်တိုင် မြို့တော်ဝန်နှင့်ဈေးတာဝန်ရှိသူများက နေရာ ခက်ခဲနေသည့် ဈေးသည်များအား နေရာစီစဉ် ပေးရန် တစုံတရာ ပြောဆိုမှု မရှိသေးကြောင်း သိရသည်။

    ၂၄ ရက်နေ့က ဈေးသည်များ၏ ဆန္ဒပြ တောင်းဆိုမှုသည် အောင်မြင်မှု မရှိခဲ့ဘဲ မြို့တော်ဝန်၏ လျစ်လျူရှုခြင်းကို ခံနေရသဖြင့် ဒေါသထွက်ကာ စိတ်မကောင်း ဖြစ်မိကြောင်း ပြောဆိုကြသည်။

    “ဦးအောင်သိန်းလင်းကို နေရာ ပေးဖို့ ဈေးသည်တွေက သံပြိုင် တောင်းတော့ ဖဲကြိုးဖြတ်ပြီးတာနဲ့ ချက်ချင်း ပြန်သွားတယ်။ ဈေးထဲလည်း ပတ်မကြည့်သွားဘူး။ ဘာမှလည်း ပြောမသွားပါဘူး။ လူတွေကို လှည့်မကြည့်ဘဲ မျက်နှာ နီနီရဲရဲနဲ့ ကားပေါ်တက်သွားတယ်” ဟု ဆန္ဒပြ ဈေးသည် တဦးက ပြောသည်။

    ရန်ကုန်အခြေစိုက် သတင်းထောက်တဦး ကူညီသည်။

    http://bur.irrawaddy.org/