ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP) ၏၂၀၁၀ ခုနှစ် လူသားဖွံ့ဖြိုးမှု အစီရင်ခံစာ (Human Development Report) အရ အရှေ့တောင် အာရှတွင် မြန်မာနိုင်ငံသည် လူသားဖွံ့ဖြိုးမှု ညွှန်းကိန်း (Human Development Index) အနိမ့်ဆုံးဖြစ်ကြောင်း ရန်ကုန်အခြေစိုက် UNDP အကြံပေးပုဂ္ဂိုလ် ဒေါက်တာ အောင်ထွန်းသက် က ပြောကြားသည်။ရန်ကုန်မြို့၌ သောကြာနေ့ က ကျင်းပခဲ့သော ၂၀၁၀ ပြည့်နှစ် လူသားဖွံ့ဖြိုးမှုအစီရင်ခံစာ ရှင်းလင်းပွဲတွင် ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ၏ လူသားဖွံ့ဖြိုးမှုညွှန်းကိန်း မှာ ၀.၄၅၁ ရှိပြီး နိမ့်ပါး အဆင့်တွင်ရှိကာ တကမ္ဘာလုံး အနေဖြင့် အဆင့် ၁၃၂ နေရာ၌ ရှိကြောင်း၊ အရှေ့တောင် အာရှတွင် တခုတည်းသော နိမ့်ပါးအဆင့်ရှိ နိုင်ငံဖြစ်ကြောင်း ဒေါက်တာ အောင်ထွန်းသက် က ရှင်းပြသည်။အထက်ပါ ညွှန်းကိန်းများကို ပညာရေး၊ ကျန်းမာရေးနှင့် လူနေမှု အဆင့်အတန်းများ အပေါ်တွင် အခြေခံ၍ လွတ်လပ်သော သုတေသန အဖွဲ့အစည်းများက ကောက်ယူထားခြင်းဖြစ်ကြောင်း သိရသည်။“ဒီညွှန်းကိန်းတွေ တက်လာဖို့ဆိုရင် ပြည်သူရေးရာ မူဝါဒအသစ်တွေ ထွက်လာဖို့ လိုပါတယ်။ မညီမျှမှုကို ညှိပေးနိုင်ပြီးတော့ ပုဂ္ဂလိက ကဏ္ဍရဲ့အားကိုဘယ်လို သုံးမလဲဆိုတာ အရေးကြီးလာပါပြီ”ဟု ဒေါက်တာအောင်ထွန်းသက် က ဆိုသည်။
လာမည့် အစိုးရသစ် လက်ထက်တွင် နိုင်ငံရေး၊ စီးပွားရေး အနေအထားများ ပြောင်းနိုင်မည်ဟု ထင်မြင်ကြောင်းလည်း ၎င်းကပြောသည်။ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်(UMFCCI) အထွေထွေ အတွင်းရေးမှူး ဒေါက်တာ မောင်မောင်လေး ကလည်း လာမည့်အစိုးရ လက်ထက်တွင် စီးပွားရေး၊ အခွန်အကောက်၊ ကုန်သွယ်ရေး၊ ဘဏ္ဍာရေး ဆိုင်ရာမူဝါဒများ ဖြေလျော့ပေးမည်ဟု မျှော်လင့်ရကြောင်း အထက်ပါ ရှင်းလင်း ဆွေးနွေးပွဲတွင် ပြောကြားသည်။ပြည်တွင်း စီးပွားရေးပညာရှင် တဦးကမူ“အခုထိကြည့်ရတာ ပြောင်းမယ့် အလား အလာ မပေါ်သေးဘူး။ အစိုးရနဲ့ နီးစပ်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေကလည်း စီးပွားရေး ပြုပြင်ပြောင်းလဲမှု လုပ်မှာကို သိပ်အားပေးပုံမရဘူး။ စောင့်ကြည့်ရဦးမှာပါ”ဟု ဆိုသည်။
ဖွံ့ဖြိုးဆဲ မြန်မာနိုင်ငံအနေဖြင့် စီးပွားရေးတိုးတက်မှု လိုအပ်မှုသည် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုဖြစ်ရန် လိုကြောင်းကိုမူ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တဦးဖြစ်သူ ဦးအုန်းက ပြောသည်။ စစ်အစိုးရသည် လူသားဖွံ့ဖြိုးမှု ညွှန်းကိန်းများ တိုးတက်ရန် လိုအပ် သော ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍများတွင် ပြည်တွင်း စုစုပေါင်း ထုတ်လုပ်မှုတန်ဖိုး၏ ၃ ရာခိုင်နှုန်းသာ ရင်းနှီးမြှုပ်နှံ ထားကြောင်း သိရသည်။“ကောင်းမွန်တဲ့ အုပ်ချုပ်မှုပုံစံဟာ အခြေခံပါပဲ”ဟု ဒေါက်တာ အောင်ထွန်းသက် က ထောက်ပြ ပြောဆိုသည်။
၂၀၁၀ အစီရင်ခံစာအရ အရှေ့တောင်အာရှတွင် ညွှန်းကိန်း အမြင့်ဆုံး နိုင်ငံမှာ စင်ကာပူဖြစ်ပြီး ညွှန်းကိန်းအဆင့် ၀.၈၄၆ ရှိပြီး ဘရှုနိုင်းသည် စင်္ကာပူနှင့်အဆင့်ကပ်လျက်ရှိရာ ညွှန်ကိန်း အဆင့်(Very High)အဆင့်ရှိသော နိုင်ငံဖြစ်ကြောင်း၊ ၎င်းတို့နောက်တွင် မလေးရှားနိုင်ငံရှိနေပြီး ထိုင်း၊ ဖီလစ်ပိုင်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ လာအို နှင့် ကမ္ဘောဒီးယားတို့မှာ အလယ်အလတ် အဆင့်တွင် အစဉ်လိုက်ရှိပြီး မြန်မာ တနိုင်ငံတည်း နိမ့်ပါး အဆင့်တွင် ရှိကြောင်း သိရသည်။
၂၀၁၀ အစီရင်ခံစာအရ ကမ္ဘာပေါ်တွင် ညွှန်းကိန်းတန်ဖိုး အမြင့်ဆုံးနိုင်ငံမှာ နော်ဝေဖြစ်ပြီး ၎င်း၏ အောက်တွင် ၾသစေတ်းလ်၊ နယူးဇီလန် နှင့် အမေရိကန်တို့ အစဉ်လိုက်ရှိသည်။ တန်ဖိုးအနိမ့် ဆုံး နိုင်ငံမှာ ဇင်ဘာဘွေဖြစ်ကြောင်း သိရသည်။ ယင်း လူသားဖွံ့ဖြိုးမှု အစီရင်ခံစာကို ၁၉၉၀ ခုနှစ်တွင် ပထမဆုံး စတင် ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။

http://www.irrawaddy.org/bur/