Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image

အရက်မူးသည့်တပ်ကြပ် ပစ်ခတ်၍ ရခိုင် ဒေသခံတဦးသေဆုံး

  • Thursday, December 16, 2010
  • .
  • အကြောင်းအရာ >

  • ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့နယ် အခြေစိုက် တပ်ရင်း ၅၄၂ မှ တပ်ကြပ် တဦးက သေနတ်ဖြင့် ပစ်ခတ်သောကြောင့် ကျောက်ဖြူမြို့ ကွင်းချောင်းအုပ်စု မင်းတပ်ချောင် ကျေးရွာမှ အသက် ၂၆ နှစ် အရွယ်ရှိ ကိုမောင်ဝင်း သေဆုံးခဲ့ရကြောင်း သိရသည်။ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်အတွင်းရှိ မင်းကြောင်း တံတားအနီး၌ ဒီဇင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီ ၀န်းကျင်က အဆိုပါ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ကျောက်ဖြူ ဒေသခံတဦးက ဧရာဝတီကို ပြောသည်။“ကိုမောင်ဝင်းက မအီဘက်မှာ စပါးအငှား ရိတ်သိမ်းဖို့ စက်လှေနဲ့ လိုက်လာတဲ့အချိန်မှာ တံတားတာဝန်ကျနေတဲ့ တပ်ကြပ်က စက်လှေကို တားဆီးပြီး ပစ်လို့ သူ့ကို ထိသွားတာပါ” ဟု အဆိုပါ ဒေသခံက ရှင်းပြသည်။

    မင်းကြောင်းတံတား၌ တာဝန်ကျသော စစ်သားများသည် တံတားကို ဖြတ်ကျော် မောင်းနှင်ရသည့် စက်လှေမော်တော်ဘုတ် စသည့် ရေယာဉ်များထံမှ အခကြေးငွေများကို အဓမ္မ ကောက်ခံနေကြောင်း၊ မကျေနပ်ပါက ဆဲဆို ကြိမ်းမောင်းတတ်ကြောင်း၊ ကိုမောင်ဝင်းအား ပစ်ခတ်သူ တပ်ကြပ်သည် အခင်းဖြစ်ပွားသည့်နေ့က အရက်မူး နေကြောင်း ဒေသခံများက ပြောသည်။အဆိုပါ တံတားကို လုံခြုံရေး ချထားသည်မှာ ၄ လ ၀န်းကျင်သာ ရှိသေးကြောင်းလည်း သိရသည်။

    ကိုမောင်ဝင်းနှင့်အတူ စက်လှေပေါ်၌ လူ ၁၅ ဦး ၀န်းကျင်ပါလာကြောင်း၊ ၎င်းတို့သည် မင်းတပ်ချောင်ဘက်မှ စက်လှေဖြင့် ထွက်လာကြစဉ် တံတား အနီးရောက်သောအခါ တာဝန်ကျစစ်သားက စက်လှေကိုတား၍ အစစ်ဆေးခံရန် အမိန့်ပေးကြောင်း၊ စက်လှေ ကပ်သည့်အချိန် အနည်းငယ် နောက်ကျခြင်းကြောင့် စက်လှေကို ဦးတည် ပစ်ခတ်ရာ ကိုမောင်ဝင်း၏ ခြေထောက်ကို ကျည်ဆန် ထိမှန်ပြီး ကျောက်ဖြူ ဆေးရုံသို့ သယ်ယူလာစဉ် သွေးထွက်လွန်၍ သေဆုံးသွားကြောင်း၊ စက်လှေပေါ်ပါလာသူ နောက်တဦးလည်း ဒဏ်ရာအနည်းငယ် ရရှိသွားကြောင်း ဒေသခံများက ပြောသည်။

    “၁၅ ရက်နေ့မှာ ကိုမောင်ဝင်းရဲ့ အသုဘကို ကျောက်ဖြူ မြို့ပေါ်က မြို့မသုဿာန်မှာပဲ ချက်ချင်း ချခိုင်းတယ်” ဟု ဒေသခံတဦးက ဆိုသည်။သေဆုံးသူ ကိုမောင်ဝင်းသည် အိမ်ထောင်သည် တဦးဖြစ်ပြီး ကလေး ၂ ဦး၏ ဖခင်ဖြစ်ကြောင်းသိရသည်။ကိုမောင်ဝင်းအား ပစ်ခတ်သော စစ်တပ်သည် ကျောက်ဖြူမြို့ ကျောက်တလုံး ဘုရား အနီး၌ အခြေစိုက်တပ်စွဲထားသည့်စစ်တပ်ဖြစ်ကြောင်း၊ သေဆုံးသူ၏ မိသားစုဝင်များအား ဗျူဟာမှူးက ခေါ်ယူကာ လျော်ကြေးပေးမည်ဟု ပြောဆိုပြီး ပစ်ခတ်သူ စစ်သားအား အရေးယူမှုနှင့်ပတ်သက်၍ သေချာစွာ ပြောဆိုမှု မရှိသေးကြောင်း ကိုမောင်ဝင်းနှင့် နီးစပ်သူ တဦးက ပြောသည်။

    လွန်ခဲ့သည့် ရက်ပိုင်းက ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှ ကျေးရွာဥက္ကဋ္ဌ တဦးအား နယ်မြေခံ စစ်တပ်တတပ် ဖြစ်သော ခမရ ၅၃၈ မှ စစ်ဗိုလ် ကျော်ကျော်အောင်က အနိုင်အထက်ပြုမှုတခု ဖြစ်ပွားခဲ့သေးသည်။ပြီးခဲ့သည့် စက်တင်ဘာလကလည်း ပဲခူးမြို့ အင်းတကော် အခြေစိုက် ခမရ ၁၀၁ မှ ဗိုလ်ကြီး သိဒ္ဓိစိုး၊ ခလရ ၅၉ မှ ဗိုလ်အဆင့်ရှိသူ ၁ ဦးနှင့် တပ်သား မောင်ထွန်းတို့က ဒေသခံ မောင်အောင်သူဟိန်း (၂၃ နှစ်) နှင့် မောင်စိုးပိုင်ဇော် (၁၉ နှစ်) တို့အား သေနတ်နှင့် ပစ်ခတ်ခံခဲ့ရသောကြောင့် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ကြသည်။

    စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကမူ စစ်တပ်သည် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန်နှင့်ပြည်ပရန်ကို ကာကွယ်ရန် အင်အားကြီးသော ခေတ်မီ တပ်မတော်ကြီး ဖြစ်သည်အထိ တည်ဆောက်နေကြောင်း မကြာခဏ ပြောဆိုလေ့ ရှိသည်။

    http://www.irrawaddy.org/bur/