မြန်မာစစ်အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှစ်ဖက်ကြား ငြိမ်းချမ်းရေး ပျက်ပယ်သွားပြီးနောက် KIO မှ ဖါးကန့် ကျောက်စိမ်းမော်ထဲတွင် အခွန်ကောက်ခံမှု ၁၆ နှစ်ကြာ ရပ်တန့်ထားရာ ဒီဇင်ဘာလလဆန်းမှ ပြန်လည် ကောက်ခံနေပြီ ဖြစ်ကြောင်း KIO အရာရှိ တစ်ဦးက ပြောသည်။
ဖါးကန့်ကျောက်စိမ်းမော်၊ ကချင်ပြည်နယ်။ ဓါတ်ပုံ - ကချင်သတင်းဌာန
၁၉၉၄ အရှေ့ပိုင်း၌ KIO သည် ဖားကန့်မြို့နယ် တစ်ခုလုံး၌ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများတွင် အခွန် ကောက်ခံခဲ့ပြီး စစ်အစိုးရနဲ့ ငြိမ်းချမ်းရေးယူပြီး နောက်ပိုင်း အခွန်ကောက်ခံမှုကို ရပ်တန့်ခဲ့သည်။ ယခု တဖန် ငြိမ်းချမ်းရေးပျက်ပယ်ပြီးနောက် ပြန်လည် ကောက်ခံဖို့ရန် နိုဝင်ဘာလ ကုန်ပိုင်းတွင် ကုမ္ပဏီကြီးများ အား အခွန်ကောက်ခံ ငွေပေးဆောင်ရန် အကြောင်းကြားစာ ပေးပို့လာခဲ့သည်။ယခုလို အခွန်ကောက်ခံလာရခြင်းကို KIO အရာရှိတစ်ခုမှ “ငြိမ်းချမ်းရေးယူတဲ့အချိန်တုံးကတော့ ငြိမ်းချမ်းရေးကတိတိုင်း သူတို့ထိန်းချုပ်တဲ့နယ်မြေ မှာ အခွန်တွေ မကောက်ဖို့ ပိတ်ပင်ထားတာတွေ အများအပြားရှိတယ်။ ခုတော့ငြိမ်းချမ်းရေးကလည်း မဟုတ် တော့တဲ့အတွက် ကျွန်တော်တို့လုပ်ဆောင်မှုနဲ့ ပါတ်သက်ပြီး ကောက်ရတဲ့အပိုင်းဖြစ်တယ်။” ဟု ပြောသည်။
စစ်အစိုးရမှ KIO အား သောင်းကျန်းသူဟု တရားဝင်ပြောဆိုလိုက်ပြီးနောက် KIO စီးပွားရေးကို ပိတ်ဆို့လိုက်ကာ KIO ဆက်ဆံရေးရုံးတွေကိုလည်း ပိတ်ပင်လိုက်ရသည်။ KIO အား စီးပွားရေး ပိတ်ပင် နေသည့်ကြားမှ အခွန်စကောက်လာသည်မှာ အခွန်မထည့်သူများအတွက် တစ်စုံတစ်ရာ အပြစ်ပေးခံ ရနိုင်သည်ဟု ဒေသခံများ ပြောသည်။
မော်ချီးခဲ လုပ်ငန်းခွင်ရှိ ဗမာအလုပ်သမားများ ဒေသခံများအား အနိုင်ကျင့်
ကရင်တိုင်းရင်းသား အများစုနေထိုင်သည့် ကရင်နီပြည် ဖာဆောင်းမြို့နယ် မော်ချီးဒေသရှိ ခဲလုပ်ငန်းခွင်တွင် ဗမာလူမျိုးများ သိသိသာသာ များပြားလာသဖြင့် ဒေသခံများ စိုးရိမ်မကင်း ဖြစ်နေကြသည်ဟု ဆိုသည်။
မော်ချီးမှ ခဲတူးနေလျက်ရှိသော ကရင်နီ လူမျိုးများတို့၏ ခဲတွင်း
ဗမာလူမျိုးများ တိုင်းရင်းသား ဒေသများတွင် တဖြည်းဖြည်း များပြားလာခြင်းသည် မြန်မာ စစ်အစိုးရ၏ တိုင်းရင်းသား နယ်မြေများကို လွမ်းမိုးချုပ်ကိုင်လို၍ သွေးနှောစနစ် ပြုလုပ်နေခြင်းသာ ဖြစ်သည့်အပြင် ရေရှည် စီမံကိန်းအတွက် တိုင်းရင်းသား နယ်မြေဒေသများကို ၀ါးမျိုလာစေနိုင်သည့် သဘောသို့ရှိပြီး တဖြည်းဖြည်းနှင့် ကြီးစိုးလာနိုင်သည်ဟု ဒေသခံများက ပြောကြသည်။
“ကျနော်တို့ တိုင်းရင်းသားတွေက ကရင်ပြောတာက အယ်တာမူ တာခူလေနော် (ငြိမ်းချမ်းမှုကို မြတ်နိုးတယ်) ရှုပ်ရှုပ် ထွေးထွေးကြားမှာ သူတို့ မနေချင်ဘူး။ သူတို့မရင်ဆိုင်ချင်ဘူး။ မဖြေရှင်းချင်ဘူး။ ဗမာလူမျိုး တွေက အားအားနေ ရန်ဖြစ်တယ်။ စကားများတယ်။ သူတပါးကို သွားအနိုင်ကျင့်ချင်ကြတယ်” ဟု မော်ချီးဒေသမှ အခြားဒေသသို့ သွားလာလှုပ်ရှားနေသည့် ဒေသခံတဦးကပြောသည်။