ချင်းမိုင် (မဇ္ဈိမ) ။ ။ တရုတ်နိုင်ငံ ယူနန်ခရိုင်တွင်းရှိ လောင်ဂျန်းမြစ်အတွင်း ရေကာတာသစ်တခု တည်ဆောက်ပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်နေ ဒေသခံ ၁၆၀၀၀ ကျော်၏ ဝင်ငွေများ
ကျဆင်းသွားသည်ဟု ရှမ်းအဖွဲ့နှစ်ခုက အစီရင်ခံစာ ယနေ့ ထုတ်ပြန်သည်။လောင်ဂျန်းသည် မြန်မာနိုင်ငံ ရွှေလီမြစ်နှင့် တဆက်ထဲဖြစ်ပြီး မြစ်ညာဘက်က ရေကာတာကြောင့် မူဆယ်မြို့နှင့် နမ့်ခမ်းမြို့အကြား ကျေးရွာ ၂ဝမှ ရေကြောင်း ကုန်သွယ်ရေး အပေါ် မီခိုနေရသူများကိုနေ့တဓူဝ သက်မွေးဝမ်းကြောင်း ဘဝကို ထိခိုက်မှုဖြစ်ရကြောင်း ရှမ်းသဘာဝ ပတ်ဝန်းကျင်ရေးရာ အဖွဲ့ SSEO နှင့် ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ် လှုပ်ရှား ဆောင်ရွက်ရေးအသင်း SWAN တို့၏ High and Dry “မြင့်တချီ ခန်းတလှည့်” ပြုစုထားသော အစီရင်ခံစာက ဆိုသည်။
လောင်ဂျန်း ရေကာတာသစ် တည်ဆောက်မှုကြောင့် ဖြစ်ပေါ်လာသော ပြဿနာများကို SWAN အသင်းမှ နန်းချန်တောင်းက နိုင်ငံခြား သတင်းထောက်များကလပ်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားနေစဉ်
“ရေပိတ်ပြီးတော့မှ ရေအားလျှပ်စစ်လုပ်တဲ့အချိန်မှာ အောက်ပိုင်းမှာ မခန့်မှန်းနိုင်တဲ့ ရေခမ်း ခြောက်မှုတွေ ဖြစ်လာတယ်ပေါ့နော်။ လျှပ်စစ်ထုတ်ပြီး ရေပြန်လွှတ်တဲ့အချိန်မှာဆိုရင် ရေက ပြန်ပြီး တချက်ထဲ (စောင့်) တက်လာခြင်း ဖြစ်ပါတယ်” ဟု SSEO ပြောခွင့်ရသူ ဆရာစိုင်းစိုင်းက မဇ္ဈိမကို ပြောသည်။
ဒေသခံများက ရွာအလိုက် စက်လှေအဖွဲ့များ တည်ထောင်ထားပြီး အလှည့်ကျ လုပ်ကိုင်ကြသည်။ ယခင်က စက်လှေအဖွဲ့တခုကို တနေ့ အသွားအပြန် ၁၀ ခေါက်ထိ ပြေးဆွဲရပြီး ၁ဝ ရက်လျင် တဖွဲ့ ပျှမ်းမျှ ငွေကျပ် သိန်း ၂ဝ ခန့် ဝင်သော်လည်း ယခုအခါ ထက်ဝက်ခန့်သာ ရတော့သည်ဟု သိရသည်။ အကြမ်းမျဉ်းအားဖြင့် အိမ်ထောင်စု ၁၆ စုကို အဖွဲ့တဖွဲ့အဖြစ် ဖွဲ့လေ့ရှိသည်ဟု အစီရင်ခံစာတွင် ပါရှိသည်။“တချို့နေ့တွေမှာဆို နေ့ခင်းပိုင်း ရေတက်လာမယ်၊ မွန်းလွဲဆို ပြန်ကျမည်၊ ညနေဘက်ရောက်ရင် ပြန်တက်လာရင် တက်လာမယ်။ ကြိုတင်မှန်းလို့ မရဘူးဖြစ်နေတယ်” ဟု ဒေသခံတဦး၏ ပြော ကြားချက်ကို အစီရင်ခံစာတွင် ဖော်ပြထားသည်။
စိုက်ပျိုးရေးထွက်ကုန်၊ ဓာတ်မြေသြဇာ၊ ဆောက်လုပ်ရေး၊ လျှပ်စစ်၊ အဝတ်အထည်၊ တွင်းထွက် ပစ္စည်းများကို အပြန်လှန် ကုန်သွယ်ရေးအတွက် ရွှေလီမြစ် ရေလမ်းကိုလည်း အသုံးပြုနေကြခြင်း ဖြစ်သည်။အမြင့် ၁၁၀ မီတာရှိ လောင်ဂျန်း ရေကာတာကို ၄ နှစ်ကြာတည်ဆောက်ခဲ့ပြီး ဇူလိုင်လတွင် စတင် လည်ပတ်ခဲ့သည်။
ရေအားလျှပ်စစ်အတွက် တရုတ် ကုမ္ပဏီများက ဧရာဝတီ၊ သံလွင်၊ ချင်းတွင်း၊ ပေါင်းလောင်း၊ ရွှေလီမြစ်များပေါ် တွင် ရေကာတာပေါင်း ၅ဝ ခန့် တည်ဆောက်နေသည့် အနက် ရှမ်းသဘာဝ ပတ်ဝန်းကျင်အဖွဲ့ SSEO က အခု ၂ဝ ခန့်ကို စောင့်ကြည့်နေသည်ဟုလည်း ဆိုသည်။
http://mizzimaburmese.com/news/