ချင်းမိုင်(မဇ္စျိမ) ။ ။ လာမည့် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် မနောပွဲတော်ကို ကချင် လွတ်မြောက်ရေး အဖွဲ့ တက်ရောက်မှာ မဟုတ်သလို ကျင်းပမည့်ရက်ကိုလည်း လျှော့ချသွားမည်ဟု မနောပွဲ ဖြစ်မြောက်ရေး ကော်မတီက ပြောသည်။ မနှစ်က ၈ ရက်ကြာ စည်စည်ကားကား ကျင်းပခဲ့ရာမှ ယခုနှစ်တွင် ငွေကြေး အခက်အခဲကြောင့် လာမည့်နှစ် ဇန်နဝါရီလ ၇ ရက်မှစ၍ ၅ ရက်သာ ကျင်းပမည် ဖြစ်သည်။
နှစ်စဉ်နှစ်တိုင်း ကျပ်သိန်း ၃ ထောင်မှ ၄ ထောင်ကြား ကုန်ကျသည့် မနောပွဲ
မက်စ်၊ ယုဇန၊ ထူး၊ အေးရှားဝေါလ် စသည့် ကုမ္ပဏီများက မနောပွဲအတွက် အလှူငွေ ကျပ်သိန်း ၅ဝဝ ကူညီထားပြီး ဖြစ်သော်လည်း ကုန်ကျငွေ မလုံလောက်သဖြင့် ၅ ရက်သာ ကျင်းပရန် ဆုံးဖြတ်ခဲ့ကြသည်ဟု သူက မဇ္စျိမကို ပြောသည်။
နှစ်စဉ်နှစ်တိုင်း ကျပ်သိန်း ၃ ထောင်မှ ၄ ထောင်ကြား ကုန်ကျခဲ့သော မနောပွဲတွင် ကေအိုင်အိုက နှစ်စဉ် ကျပ်သိန်း တထောင် အထက် လှူဒါန်းခဲ့သည်။
“ဒီနှစ်တော့ ကေအိုင်အိုက လာလို့ မရတော့ဘူး၊ ဖိတ်လို့ မရတော့ဘူး ထင်တယ်လို့ တိုင်းမှူးက ပြောတယ်။ ဒီနေ့စာရေးပြီး မနက်ဖြန် စာပို့မယ်”ဟု သူက မြောက်ပိုင်းတိုင်း စစ်တိုင်းမှူး ဗိုလ်မှူးချုပ် ဇေယျာအောင်ကို ရည်ညွှန်း၍ မဇ္စျိမကို ပြောသည်။လက်ရှိ ကေအိုင်အိုနှင့် စစ်အစိုးရအကြား စစ်ရေးပြင်ဆင်မှုများ ရှိနေသဖြင့် လာမည့် မနောပွဲတော် တက်ရောက်နိုင်မည် မဟုတ်ကြောင်း ကေအိုင်အို စစ်ဘက် အရာရှိတဦးက ပြောသည်။
ပွဲဖြစ်မြောက်ရေး ကော်မတီတွင် ဦးလခရိလအောင်၊ ဦးကရိုင်လဆန်၊ ဒေါ်ဂျာနူးတို့ အပါအဝင် စုစုပေါင်း ၂၄ ဦး ပါဝင်သည်။
ယခင်နှစ်များက ပွဲဖြစ်မြောက်ရေး ကော်မတီနှင့် နာယကအဖွဲ့ ထားရှိခဲ့ရာမှ ယခုနှစ်တွင် မြန်မာစစ်တပ် အရာရှိများ ပါဝင်သည့် ဦးစီးကော်မတီတခု တိုးချဲ့ ဖွဲ့စည်းထားသည်ဟု သိရသည်။ ၆၃ နှစ်မြောက် ပွဲတော်ဖြစ်မြောက်ရေး ဦးစီးကော်မတီတွင် ၃၈ ဦးပါရှိပြီး တိုင်းစစ်လေ့ကျင့်ရေး စခန်းမှ တာဝန်ခံ ဗိုလ်မှူးချုပ် စိုးဝင်း၊ စစ်ဖက်ရေးရာ လုံခြုံရေးဌာန စစ်ဦးစီးမှူး(ပထမတန်း) ဒုဗိုလ်မှူးကြီး သက်ပုံ တို့ပါဝင်သည်။
မနက်ဖြန်တွင် တိုင်းမှူး ဗိုလ်မှူးချုပ် ဇေယျာအောင်က ကချင်ရိုးရာ ဗဟိုကော်မတီခန်းမတွင် ညှိနှိုင်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ထားသည်ဟု သိရသည်။ဖြစ်မြောက်ရေး နာယက အဖွဲ့တွင် တိုင်းမှူး ဗိုလ်မှူးချုပ် ဇေယျာအောင်နှင့် ဝန်ကြီးဦးသိန်းဇော်တို့ ပါဝင်ပြီး တိုင်းရင်းသားဘက်က ကချင်လူမျိုးများ ရိုးရာယဉ်ကျေးမှု ဗဟိုကော်မတီ ဥက္ကဋ္ဌ ဦးယောဟန်၊ ဒေါက်တာ စဘွဲဂျွမ် စသည်တို့ ပါဝင်သည်။