Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image

မြန်မာ့နိုင်ငံရေး အိန္ဒိယ ဝေဖန်ချက် ဝီကီလိစ်တွင် ပေါက်ကြား

  • Sunday, December 19, 2010
  • .
  • အကြောင်းအရာ >

  • မြန်မာ စစ်အစိုးရသည် ကမ္ဘာကို မည်သို့မည်ပုံ လှည့်စားရမည်ကို ၎င်းတို့၏ “ဆရာ” တရုတ်ထံမှ နည်းယူခဲ့ပြီး အမေရိကန်၏ အာရုံစူးစိုက်မှုရရန် နျူကလီးယား အစီအစဉ်ကို လုပ်ဆောင်ခြင်း ဖြစ်နိုင်သည်ဟု အိန္ဒိယ အစိုးရ ထိပ်တန်းအရာရှိတဦးက အမေရိကန်သံတမန်များကို ပြောကြောင်း ဝီကလီစ်မှ ပေါက်ကြားသည့် အစီရင် ခံစာ တွင် ဖော်ပြထားသည်။၂၀၀၄ ခုနှစ်အတွင်းက အရှေ့တောင်အာရှရေး အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး မိတြာ ဗာရှီသျှတာက ထိုသို့ ပြောဆိုကြောင်း အမေရိကန် သံတမန်များက အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာသို့ အစီရင်ခံချက် ပေါက်ကြားလာခြင်းဖြစ်သည်။

    မြန်မာ့နိုင်ငံရေးတွင် ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ မစ္စ ဗာရှီသျှတာက သူ့ (ဒေါ်အောင်ဆန်းစုကြည်) မှာ “အချိန်အခါက အခွင့်သာလိုက် မသာလိုက် ဖြစ်နေတယ်” ဟု ပြောထားသည်။
    မြန်မာ့ဒီမိုကရေစီ အရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂကိုလည်း အားကိုး၍ မရကြောင်း၊ ဥရောပသမဂ္ဂမှာလည်း မြန်မာ့အရေးကို ရေရှည်မျော်မှန်း၍ မကြည့်သည့်အတွက် အိန္ဒိယနိုင်ငံသာလျှင် အကောင်းဆုံး ဆောင်ရွက်နိုင် မည် ဖြစ်ကြောင်း၊ အကောင်းဆုံး နည်းလမ်းမှာ စစ်အစိုးရနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံသည့်နည်းက ဒီမိုကရေစီ လမ်းကြောင်းအတွက် တွန်းအား ပေးနိုင်မည်ဖြစ်ကြောင်း ၂၀၀၄ ခုနှစ် နိုဝင်ဘာလအတွင်းက အိန္ဒိယနိုင်ငံ နယူးဒေလီမြို့သို့ အလည်အပတ်လာရောက်သည့် အမေရိကန် အဆင်မြင့်အရာရှိများကို ပြောဆိုခဲ့သည်ဟု ယင်းလျှို့ဝှက်စာ၌ ဖော်ပြထားသည်။

    ယင်းပေါက်ကြားသည့် စာတွင်၂၀၀၄ ခုနှစ် အောက်တိုဘာလ အတွင်းက စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ် မှူးကြီး သန်းရွှေ အိန္ဒိယနိုင်ငံသို့ လာရောက် လည်ပတ်စဉ် “မြန်မာနိုင်ငံ၌ ဒီမိုကရေစီဖြစ်ထွန်းမှုနည်းပါးနေခြင်း” ကို အိန္ဒိယ အနေဖြင့် စိုးရိမ်ကြောင်း အိန္ဒိယ ၀န်ကြီးချုပ် မန်မိုဟန်ဆင်းက ပြောဆိုခဲ့သည်ဟုလည်း ပါရှိသည်။ ဗိုလ်ချုပ်မှူးကြီး၏ အဆိုပါခရီးစဉ်၌ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ပူးတွဲကြေညာချက် ထုတ်ပြန်သည့်အခါတွင်မူ နှစ်နိုင်ငံအကြား ကာကွယ်ရေးဆိုင်ရာ ပူးတွဲလုပ်ဆောင်မှုများကို တိုးမြှင့်သွားမည်ဟု ပါရှိခဲ့သည်။ သို့သော် မစ္စ ဗာရှီသျှတာကမူ အဆိုပါ ပူးတွဲကြေညာချက်ပါ အချက်များမှာ လုံးဝမဖြစ်နိုင်ကြောင်း ပြောဆိုခဲ့သည်ဟု ပေါက်ကြားသည့်စာတွင် ဖော်ပြထားသည်။

    အိန္ဒိယနိုင်ငံမှာ လက်ရှိအနေအထားအရ မြန်မာနိုင်ငံနှင့် ကပ်လျက်ရှိသည့် မီဇိုရမ်ပြည်နယ်နှင့် မဏိပူပြည်နယ်မှ ခွဲထွက်ရေးအုပ်စုများ၏ ပုန်ကန်မှုနှင့် ရင်ဆိုင်နေရပြီး အဆိုပါအုပ်စုများသည် မြန်မာနိုင်ငံ အနောက်မြောက် ဒေသတွင် ခိုအောင်းနေသည့်အတွက် မြန်မာစစ်အစိုးရအနေဖြင့် ပူးပေါင်းနှိမ်နင်းပေးရန် အိန္ဒိယနိုင်ငံက လိုလားလျက်ရှိသည်။ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အိန္ဒိယအစိုးရက မြန်မာ စစ်အစိုးရကို စစ်ဘက်သုံး မြေထိုးစက်၊ ကရိန်းကား၊ ဆိုင်ကယ်၊ ကားများနှင့် ဆက်သွယ်ရေးသုံး ပစ္စည်းများကို အခမ်းအနားဖြင့် အိန္ဒိယ-မြန်မာ နယ်စပ် မဏိပူရ်ပြည်နယ်၊ မိုးရေးမြို့တွင် ပေးအပ်ခဲ့သည်။

    တရုတ်-မြန်မာ ဆက်ဆံရေးနှင့် ပတ်သက်၍ တရုတ်နိုင်ငံသည် အိန္ဒိယသမုဒ္ဒရာ အတွင်းတွင် သြဇာဖြန့်ကျက်ထားပြီး အိန္ဒိယအစိုးရနှင့် ပတ်သက်သည့် နေရာတိုင်းတွင်လည်း လိုက်လံ ပတ်သက်နေကြောင်း၊ မြန်မာနိုင်ငံ အတွင်းတွင် တရုတ်စစ်တပ်၏ ပါဝင်ပတ်သက်မှု အတိုင်းအတာမှာ ကြီးမားနေကြောင်း၊ ယင်းအခြေအနေများအပေါ် အိန္ဒိယအနေဖြင့် စိုးရိမ်ပူပန်မှုရှိသည်ဟုလည်း ၀ီကီလိစ် လျှို့ဝှက်စာ၌ ပါရှိသည်။ဝီကီလိစ်သည် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အင်္ဂလန် ပရီးမီးယားလိဂ်မှ နာမည်ကြီး မန်ချက်စတာ ယူနိုက်တက် အသင်းကို ၀ယ်ယူရန် စိတ်ကူးရှိခဲ့ခြင်း၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် ရန်ကုန်မြို့ရှိ အမေရိကန်သံရုံး၏ သုံးသပ်ဝေဖန်ချက်များ၊ စစ်အစိုးရ၏ နျူကလီးယားနှင့် ဒုံးလက်နက်စီမံကိန်း၊ စစ်အစိုးရအပေါ် တရုတ်အစိုးရ၏ စိတ်ပျက်မှု စသည်တို့ကို ဆက်တိုက် ဖော်ထုတ်ခဲ့သည်။

    http://www.irrawaddy.org/bur/