Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image

နေပြည်တော် ကျောက်မျက်ပွဲ ဒေါ်လာ ၁.၄၄ ဘီလီယံ ဖိုး ရောင်းရ

  • Thursday, December 9, 2010
  • .
  • အကြောင်းအရာ >

  • နေပြည်တော်၌ ကျင်းပသွားသည့် မကြာသေးခင်က နှစ်လယ် ကျောက်မျက်ရတနာ ပြပွဲတွင် မြန်မာ ကျပ်ငွေ သန်းပေါင်း ၁,၄၀၀,၀၀၀ ခန့် (ဒေါ်လာ ၁.၄၄ ဘီလီယံ) ရောင်းချခဲ့ရသည်ဟု အစိုးရ အရာရှိတဦးအား ကိုးကား၍ Reuters သတင်း ဌာနက ဖော်ပြထားသည်။
    tin-aung-myint-oo-nlm

    နိုဝင်ဘာ ၁၇ ရက်နေ့က နေပြည်တော် ကျောက်မျက်ရတနာ ပြပွဲ ဖွင့်လှစ်ရာ နအဖ အတွင်းရေးမှူး (၁) သီဟ သူရ ဦးတင်အောင်မြင့်ဦး က မဏိရတနာ ကျောက်စိမ်းခန်းမ ရေပန်းကို စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးစဉ် (ဓာတ်ပုံ - မြန်မာ့အလင်း)

    အဆိုပါ ပြပွဲတွင် ပုလဲတွဲပေါင်း ၂၇၆ တွဲ ၊ ကျောက်မျက်တွဲပေါင်း ၂၇၃ တွဲ ၊ ကျောက်စိမ်းတွဲပေါင်း ၉၁၅၇ တွဲ ကို တင်ဒါစနစ်၊ ဈေးပြိုင်စနစ်တို့ဖြင့် ပြသရောင်းချရာ ကျောက်စိမ်းအတွဲပေါင်း ၇၇၈၄ တွဲနှင့် ပုလဲအတွဲပေါင်း ၂၃၇ တွဲ ကို ရောင်းချခဲ့ရသည် ဟု သတ္တုတွင်းဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ယင်းကဲ့သို့ ရောင်းချရမှုသည် ကျောက်မျက်ရတနာပြပွဲ ကျင်းပခဲ့သည့် သက်တမ်းတလျှောက် ပထမဆုံးအကြိမ် စံချိန်တင် အ များဆုံး ရောင်းချခဲ့ရခြင်း ဖြစ်သည်ဟုလည်း သတ္တုတွင်း ၀န်ကြီးဌာနအသိုင်းအ၀န်းက ပြောသည်။နေပြည်တော်တွင် ပထမဆုံးအကြိမ် စတင်ကျင်းပသော အဆိုပါ ကျောက်မျက်ရတနာပွဲတော်ကို နိုဝင်ဘာလ ၁၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ ၁၃ ရက်ကြာ နေပြည်တော်ရှိ မြန်မာ့ ကျောက်မျက်ရတနာပြတိုက်အနီးရှိ မဏိရတနာ ကျောက်စိမ်း ခန်းမ တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

    “ဇွန်-ဇူလိုင်လထဲမှာ ကျင်းပခဲ့တဲ့ ကျောက်မျက်ပွဲတုန်းက ၆၀ ရာခိုင်နှုန်း ရောင်းရခဲ့တာနဲ့ အခု ပွဲမှာ ၉၀ ရာခိုင်နှုန်း ရောင်းရ တာ ယှဉ်ရင် ပြပွဲမှာရှိတဲ့ ကျောက်စိမ်း အတွဲ အကုန်လုံးနီးပါး လောက် ရောင်းခဲ့ရတယ် ပြောရမယ်။ ဒီလို ရောင်းရအောင် လည်း အာဏာပိုင်တွေဘက်က ကျောက်စိမ်း ၀ယ်လက်အများဆုံးဖြစ်တဲ့ တရုတ်ကုန်သည်တွေ တော်တော် များများကို ဖိတ်ခဲ့ တယ်။ ပွဲကို နေပြည်တော်မှာကျင်းပပြီး အာဏာပိုင်တွေ တည်ဆောက်ပြင်ဆင်ထားတာတွေလည်း ပြလိုက်တာပေါ့”ဟု မြန်မာ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်းမှ အရာရှိတဦးက ပြောသည်။

    အရည်အသွေးကောင်းမွန်သော ကျောက်စိမ်းများထွက်ရှိသည့်လုပ်ကွက်များမှာ စစ်အစိုးရနှင့် နီးစပ်သူများသာ လုပ်ကိုင်ခွင့် ရရှိနေသည်ဟုလည်း ၎င်းက ဆိုသည်။ ပြည်တွင်းပြည်ပ ရတနာကုန်သည် ၆၇၅၀ လာရောက်ကြည့်ရှုခဲ့သည်ဟု အစိုးရသတင်းစာတွင် ဖော်ပြထားပြီး၊ တရုတ်၊ထိုင်ဝမ်၊ ဟောင်ကောင်၊ အင်ဒိုနီးရှား၊ မလေး ရှားနှင့် ထိုင်းနိုင်ငံများမှဖြစ်သည်ဟု သိရသည်။ “ကျောက်စိမ်းဈေးကွက်က တရုတ် ၀ယ်လက်ပေါ်မူတည်ပြီး ပြောင်းလဲတာ။ ပြည်တွင်း ၀ယ်လက်က ရှိတယ် ဆိုပေမယ့် နည်း တယ်။ ပြည်ပကို အဓိကထား ရောင်းရတာ။ ဒါကြောင့်လည်း အာဏာပိုင်တွေက ပြပွဲပြီးတော့ အစည်းအဝေးလုပ်ပြီး ကျောက် မျက်ရတနာပွဲကို ဖြစ်နိုင်ရင် ၃ လ တခါ လုပ်ဖို့ စီစဉ်သွားမယ်ပြောတယ်”ဟု ပြပွဲ ကျင်းပရေး ဗဟိုကော်မတီဝင်တဦးက ပြော သည်။

    ၎င်းက ဆက်လက်၍ “ဖားကန့် ၊ မိုင်းရှုးနဲ့ ကျောက်စိမ်းနဲ့ တခြား ရတနာတွေထွက်တဲ့ လုပ်ကွက်တွေကို ထပ်ဖော်ပြီး ချပေး သွားဖို့ ရှိတယ်။ အဓိက ဒီလို အကွက်အလိုက် ချပေးလို့ ရလာတဲ့ အကျိုးအမြတ်ရယ်၊ နောက် ကျောက်မျက်ကုန်သည်တွေ ဆီက ရလာမယ့် ငွေတွေက ကျပ် သန်းချီပြီး ရှိနေတော့ ဘဏ္ဍာပိုတိုးလာဖို့ နည်းလမ်းတခုပဲ”ဟု ဆိုသည်။ ကျောက်စိမ်းတွဲ အများဆုံးဝယ်ယူသွားသည့် တရုတ်နိုင်ငံသား Dragon Shield (Hong Kong) Co., Ltd မှ Mr Zheng Gengjian ကို သတ္တုတွင်း ၀န်ကြီး ဦးအုန်းမြင့်က ဂုဏ်ပြုမှတ်တမ်းလွှာ နှင့် ဂုဏ်ပြုဆု ချီးမြှင့်ခဲ့ကြောင်း နိုဝင်ဘာ ၃၀ ရက်နေ့ ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။


    “ကျောက်စိမ်းဝယ်တဲ့ ရာခိုင်နှုန်းမှာ အများဆုံးက တရုတ်တွေ ချည်းပဲ။ ပြည်တွင်း ၀ယ်လက်ကလည်း ဈေးပြိုင်နဲ့ ရောင်းတာ ဆိုတော့ ပြည်ပ က ကုန်သည်ကို ဘယ်လိုမှ ယှဉ်ပြီးဈေးမပေးနိုင်ဘူး။ တရုတ်က မြန်မာပြည်က ထွက်တဲ့ ကျောက်စိမ်းမှန်သမျှ အကုန် လာသိမ်းနေသလိုပဲ။ မြန်မာ့ ကျောက်စိမ်းက အရည်အသွေးပိုင်းက ဘယ်သူမှ အခုထိ မယှဉ်နိုင်သေးဘူး၊ နည်းပညာနဲ့ ဆန်းသစ်တီထွင်ပြီး ရောင်းနိုင်မယ်ဆို ပြည်ပထက် ပိုသာဦးမယ်”ဟု ဗိုလ်ချုပ်ဈေးတွင် ကျောက်မျက်ရတနာ ရောင်းချနေသည့် ဆိုင်ရှင်တဦးက ပြောသည်။
    ၎င်းက ဆက်လက်၍ “ပြပွဲတင်မဟုတ်ဘူး၊ ပြပွဲပြီးတော့ ရန်ကုန်ပြန်လာတဲ့ တရုတ်တွေ ဗိုလ်ချုပ်ဈေး ကျောက်စိမ်းတန်းမှာ တော်တော်လာဝယ်ကြသေးတယ်။ အုပ်စုလိုက် ရောက်လာကြတာ အရင်နှစ်ကထက် တော်တော်များတယ်။ ဆိုင်တွေလည်း တော်တော် ရောင်းလိုက်ရတယ်။ ဒေါ်လာဈေးကျပြီး မြန်မာငွေ မာတဲ့ထဲမှာ ဒီအချက်လည်းပါတယ်”ဟု ပြောသည်။

    အဆိုပါ ပြပွဲမကျင်းပမီက နေပြည်တော်တွင် လာရောက်တည်းခိုမည့် ရတနာကုန်သည်များ အတွက် ဟိုတယ်သစ်များတည် ဆောက်ခြင်း၊ GSM ဖုန်းများ အသုံးပြုနိုင်ရန် စီစဉ်ပေးခြင်းများ ပြုလုပ်သကဲ့သို့ ပြပွဲ ကျင်းပသည့် ကာလတွင် ဟိုတယ်များ ပြည့်နေသောကြောင့် စစ်ဗိုလ်ချူပ်များပိုင် အိမ်များကို ကျပ် သိန်းနှင့်ချီ ငှားရမ်းရသည် အထိ ဈေးကွက် ဖြစ်ခဲ့သည်။ ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့မှ ဇူလိုင်လ ၇ ရက်နေ့အထိ ရန်ကုန်မြို့ မြန်မာကွန်ဗင်းရှင်း စင်တာတွင် ကျင်းပခဲ့သော (၄၈) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲတွင် ပတ္တမြား၊ နီလာ၊ ပုလဲနှင့် အခြား ကျောက်မျက်ရတနာများ အပြင် ကျောက် စိမ်းအတွဲပေါင်း ၁၁၀၀၀ ၀န်းကျင်ပြသခဲ့ပြီး ကျောက်စိမ်းတွဲပေါင်း ၇၀၀၀ ၀န်းကျင်ကို ရောင်းချခဲ့ရသောကြောင့် ဝင်ငွေ ယူရို သန်း ၄၀၀ (အမေရိကန် ဒေါ်လာ ၄၈၇ သန်း) ခန့် ရရှိခဲ့ကြောင်း သိရသည်။

    မြန်မာနိုင်ငံသည် ယခုအချိန်အထိ ကျောက်စိမ်း တန်ချိန် ၂၂၆၀၀ တန် ပတ္တမြား နှင့် နီလာ အပါအဝင် ကျောက်မျက်ရတနာ ကာရက် သန်းပေါင်း ၉. ၅ သန်း၊ ပုလဲ ၈၆၂. ၃ ကီလိုဂရမ် ထုတ်လုပ်ခဲ့ပြီးဖြစ်ကြောင်း ဗဟို စာရင်းစစ်အဖွဲ၏ ၂၀၀၉ -၂၀၁၀ ဘဏ္ဍာရေးနှစ်အတွင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ အမေရိကန်သမ္မတ ဂျော့ဒဗလျူဘုရှ် လက်ထက်တွင် ၂၀၀၈ ခုနှစ် မြန်မာနိုင်ငံဆိုင်ရာ မူဝါဒများနှင့် မြန်မာ့ကျောက်မျက် ရတနာ ပိတ်ပင်သည့် ဥပဒေ(စစ်အစိုးရ၏ ဒီမိုကရေစီ ဆန့်ကျင်ရေး လုပ်ရပ်များအပေါ် အရေး ယူသည့် ဥပဒေ) Burmese JADE (Junta’s Anti-Democratic Effort) Act 2008 အရ အမေရိ ကန်ပြည်ထောင်စုက မြန်မာစစ်အစိုးရ ခေါင်းဆောင်များ နှင့် ၎င်းတို့၏ အကျိုးတူစီးပွားဖက်များကို တိုက်ရိုက်ဒဏ်ခတ် အရေးယူမှုများ ချမှတ်ဆောင်ရွက်ခဲ့သည်။

    မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှု ထပ်မံ သက်တမ်းတိုးရန် အမေရိကန် လွှတ်တော်၏ ဆုံးဖြတ်ချက်ကို သမ္မတ အိုဘားမား က ယခုနှစ် ဇူလိုင်လ ၂၇ ရက်တွင် အတည်ပြု လက်မှတ်ရေးထိုး ထားသည်။


    မူရင်း ... http://www.irrawaddy.org/bur/index.php/news/5182-2010-12-09-07-02-58