ရှမ်းပြည်တပ်မတော် တောင်ပိုင်း တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ - AFP)
“အဓိက ကတော့ စစ်ရေးအရ ဘာတွေကို ဘယ်လိုမျိုး ပူးပေါင်းပြီး လုပ်ဆောင်သွားမလဲ ဆိုတာတွေ၊ အခု လက်ရှိ ဖြစ်ပျက်နေတဲ့ နိုင်ငံရေးအခြေအနေတွေကို ဝိုင်းပြီး သုံးသပ်ကြပါတယ်။ ဌာနချုပ်ကို လမ်းပန်း ဆက်သွယ်ရေး အခြေအနေကြောင့် မသွားနိုင်တဲ့ တခြားတိုင်းရင်းသား ကိုယ်စားလှယ်တွေလည်း ရှမ်းနှစ်သစ်ကူးအတွက်ကို သဝဏ်လွှာတွေ ပေးပို့ကြပါတယ်” ဟု အဆိုပါ နီးစပ်သူက ဧရာဝတီသို့ ပြောသည်။
လွယ်တိုင်းလျန်း ဌာနချုပ်တွင် ဆွေးနွေးရာ၌ တခြား တိုင်းရင်းသားအဖွဲ့များ ယခု မဟာမိတ်အဖွဲ့၏ တစိတ်တပိုင်းအနေဖြင့် ပါဝင်လာရန် မကြာမီတွင် အစည်းအဝေးတရပ် ကျင်းပပြီး ဆုံးဖြတ်မည်ဖြစ်ကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ရန်လည်း ထိုအစည်းအဝေးမှ တဆင့် ဆုံးဖြတ်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။ ယခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ် တနေရာ၌ ပြုလုပ်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့ စစ်ရေးအရ မဟာမိတ်ဖွဲ့ခဲ့ကြသော်လည်း SSA-S ပါဝင်ခဲ့ခြင်း မရှိသေးပေ။
အဆိုပါ မဟာမိတ်အဖွဲ့တွင် ချင်းအမျိုးသားတပ်ဦး (CNF)၊ ကချင်လွတ် မြောက်ရေးတပ်မတော် (KIA)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ မွန် ပြည်သစ်ပါတီ (NMSP) နှင့် ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSA-N) တို့ ပါဝင်ကြောင်း သိရှိရသည်။ ဒု ဗိုလ်ချုပ်ကြီး ရွက်ဆစ် ဦးဆောင်သည့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) က ပြီးခဲ့သည့် နိုဝင်ဘာလ ၂၄ ရက်နေ့မှ ဒီဇင်ဘာလ ၅ ရက်နေ့အထိ ၎င်းတို့၏ နိုင်ငံခြားရေးဌာနမှ ကိုယ်စားလှယ်များအတွက် ကျွမ်းကျင်သူများဖြင့် သံတမန်ရေးဆိုင်ရာ သင်တန်းတခု ပို့ချခဲ့ကြောင်းလည်း သိရှိရသည်။ စစ်အစိုးရ တပ်များနှင့် SSA-S တပ်များသည် နိုဝင်ဘာလနှောင်းပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
SSA-S တပ်ဖွဲ့ဝင်များသည် ရှမ်းပြည်တောင်ပိုင်းနှင့် အလယ်ပိုင်းတို့တွင် အဓိက လှုပ်ရှားနေသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တဖွဲ့ဖြစ်သည်။ ဒု ဗိုလ်ချုပ်ကြီး ရွက်ဆစ်သည် မော်ထိုင်း တပ်မတော်(MTA) မှ ခွဲထွက်အဖွဲ့ဖြစ်သည့် ရှမ်းပြည် ညီညွတ်ရေးနှင့် တော်လှန်ရေးတပ် (SURA) ကိုလည်း ဦးဆောင်ခဲ့သူဖြစ်ပြီး နောက်ပိုင်းတွင် SURA မှ SSA-S အဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။ SSA- S သည် အင်အား ၇ ထောင်ကျော် ရှိသည်ဟုလည်း စစ်ရေးလေ့လာသူများက ခန့်မှန်းကြသည်။
မူရင်း ... http://www.irrawaddy.org/bur/index.php/news/5176-ssa-s----