Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image

ဒုတိယပင်လုံ ဆက်လုပ်မည်ဟု တိုင်းရင်းသား ခေါင်းဆောင်များ တုံ့ပြန်

  • Thursday, December 9, 2010
  • .
  • အကြောင်းအရာ >

  • ဒုတိယပင်လုံသည် စစ်အစိုးရ သတင်းစာများက ရေးသားထား သကဲ့သို့ စိတ်ကူးယဉ် ညီလာခံတခု မဟုတ်၍ ဖြစ်မြောက်သည် အထိ လုပ်ဆောင် သွားမည်ဟု တိုင်းရင်းသား ခေါင်းဆောင်များက တုံ့ပြန်ပြောဆိုသည်။
    “အစိုးရ သတင်းစာတွေက ခြိမ်းခြောက်ရေးသားပေမယ့် ရပ်တန့်မသွားပါဘူး။ စစ်တပ်ကိုလည်း ပါဝင်လာအောင် စည်းရုံးသွားမယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေ၊ အပစ်အခတ်ရပ်ထားသူတွေ၊ ဒီမိုကရေစီအင်အားစုတွေ အားလုံးပါဝင် ဆွေးနွေးနိုင်အောင် လုပ်ဆောင်သွားမှာပါ” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) ၏အတွင်းရေးမှူးနှင့်ရခိုင်တိုင်းရင်းသား ခေါင်းဆောင် တဦးဖြစ်သူ ဦးအေးသာအောင်က ဧရာဝတီကို ပြောသည်။

    ဒီဇင်ဘာလ ၈ ရက်နေ့ထုတ်၊ စစ်အစိုးရ သတင်းစာများ၌ ဆောင်းပါးရှင် ဗညားအောင်က “နိုင်ငံ့အရေး အလွယ်မတွေးစေချင်” ဆိုသည့် ခေါင်းစဉ်ဖြင့် ဒုတိယ ပင်လုံကိစ္စသည် နိုင်ငံရေး စိတ်ကူးယဉ်မှု သက်သက်သာဖြစ်ပြီး မူဝါဒ လမ်းစဉ် ၇ ရပ်နှင့်ဆန့်ကျင်နေကြောင်း၊ ဖြစ်မြောက်လာသည်အထိ လုပ်ဆောင်ပါက ကောင်းကျိုးထက် ဆိုးကျိုးဘက်ကို ဦးတည် လာနိုင်ကြောင်း ရေးသားဖော်ပြထားသည်။
    “ဒုတိယပင်လုံဆိုတာ အမျိုးသား ရင်ကြားစေ့ရေးအတွက် ဆွေးနွေးပွဲ တရပ်ပါပဲ။ စင်ပြိုင်အစိုးရ ထောင်မှာလည်း မဟုတ်ဘူး။ အတိုက်အခံ အဖွဲ့အစည်း တရပ် ထူထောင်ဖို့လည်း မဟုတ်တဲ့အတွက် ဘာမှ စိုးရိမ်စရာ မလိုဘူးထင်တယ်” ဟု မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ကြောင်း ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးညွန့်က ဧရာဝတီသို့ ပြောသည်။

    ဒေါ်အောင်ဆန်းစုကြည်သည် နှစ်ရှည်နေအိမ်အကျယ်ချုပ် ကျခံနေရာမှ ပြန်လည်လွတ်မြောက်လာပြီး နောက်ပိုင်း၌ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် ၂၁ ရာစုနှင့်ကိုက်ညီသော ဒုတိယပင်လုံ ဆွေးနွေးပွဲ တရပ် ပေါ်ပေါက်လာရေးကို ဆက်တိုက် ပြောဆိုလျက်ရှိသည်။တိုင်းရင်းသားခေါင်းဆောင်ကြီးများ၊ ၀ါရင့်နိုင်ငံရေး သမားကြီးများကလည်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်၍ ဒုတိယပင်လုံ ညီလာခံတခု ဖြစ်မြောက်သည်အထိ လုပ်ဆောင်ရန် ပြီးခဲ့သည့် နိုဝင်ဘာလ အတွင်း တောင်းဆိုခဲ့သည်။ဆောင်းပါးရှင် ဗညားအောင်က ဒုတိယပင်လုံနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးသည် လူတဦး တယောက်တည်းနှင့် အဖွဲ့လေး၊ ငါးဖွဲ့ စုပေါင်းလုပ်၍ မရနိုင်ကြောင်း၊ အွန်လိုင်းမှ လုပ်မည့်သူများ ရှိ၍လည်း အံ့သြမိကြောင်း ဝေဖန် ရေးသား ထားသည်။

    အင်အားခိုင်မာတောင့်တင်းသော အဖွဲ့အစည်းနှင့် တိကျသည့်ရွေးကောက်ခံ ကိုယ်စားလှယ်များမပါဘဲ လုပ်ဆောင်မှုသည် တရားဝင် မဟုတ်ဟူ၍လည်း အဆိုပါ သတင်းစာဆောင်းပါးက ဆိုသည်။“ဒီအစိုးရက ဖက်ဒရယ်စနစ် ပေါ်လာမှာကို မလိုလားဘူး ဖြစ်နေတယ်။ တိုင်းရင်းသားတွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင် ပြဌာန်းခွင့် မပေးလိုဘူး။ သူတို့က ပြည်ထောင်စုစစ်စစ် ဖြစ်လာမှာကို မလိုလားဘဲ တပြည်ထောင်စနစ်ကိုပဲ တည်ထောင်ဖို့ ကြိုးစားနေတာပါ” ဟု ဦးအေးသာအောင်က ပြောသည်။

    ၂၀၁၀ ရွေးကောက်ပွဲ၌ တိုင်းရင်းသားပါတီများ၊ ဒီမိုကရက်တစ်ပါတီများမှ ကိုယ်စားလှယ်များ ပါဝင်ခဲ့ကြောင်း၊ ထို့ကြောင့် ပေါ်ပေါက်လာမည့် လွှတ်တော်၌ တပ်မတော်သားများနှင့် ရွေးကောက်ခံ ကိုယ်စားလှယ်များ အားလုံးဆွေးနွေး၍ စစ်မှန်သော ပြည်ထောင်စုကို တည်ထောင်သွားမည်ဖြစ်ကြောင်း စစ်အစိုးရ သတင်းစာများတွင် ရေးသားထားသည်။“ပြည်နယ်တွေက တိုင်းရင်းသားပါတီတွေ၊ တိုင်းတွေက ဒီမိုကရက်တစ်တွေ ပေါင်းလိုက်ရင်တော့ ဘာပဲဖြစ်ဖြစ် ဒီမိုကရေစီအရေး၊ တိုင်းရင်းသား အရေးတွေကို ဆွေးနွေးနိုင်မယ်လို့ ပထမပိုင်းမှာ ထင်ခဲ့တယ်။ ဒါပေမယ့် ရွေးကောက်ပွဲပြီးတော့ ကြံ့ဖွံ့ပါတီက ၈၀ ရာခိုင်နှုန်း နီးပါးရတယ်ဆိုတော့ ပြောဆိုနိုင်ခွင့် အင်မတန် နည်းသွားမှာပါ” ဟု ချင်း တိုးတက်ရေးပါတီ၏ ဥက္ကဋ္ဌ ဦးလုံစီက ဧရာဝတီကို ပြောသည်။

    ထို့ကြောင့် စစ်တပ်အပါအ၀င် အင်အားစုအားလုံး ပါဝင်နိုင်မည့် ဒုတိယပင်လုံကဲ့သို့သော ညီလာခံ ဆွေးနွေးပွဲတရပ် ဖြစ်ပေါ်လာရေးကို တက်ညီလက်ညီ လုပ်ဆောင်သွားမည် ဆိုပါက မြန်မာနိုင်ငံသား အားလုံအတွက် အကောင်းဆုံးသော အောင်နိုင်မှုတရပ် ဖြစ်လာမည်ဟု ယူဆကြောင်းလည်း ဦးလုံစီက ပြောသည်။“လက်ရှိအနေအထားအရ ဆိုရင် လွှတ်တော်ထဲကနေ ဖက်ဒရယ်ပြည်ထောင်စုစစ်စစ် ရလာနိုင်စရာ အကြောင်းမရှိပါဘူး” ဟုလည်း ၎င်းကဆိုသည်။ဒုတိယပင်လုံ သို့မဟုတ် ဖက်ဒရယ်ပြည်ထောင်စု စစ်စစ်သည် တိုင်းရင်းသားလူမျိုးအားလုံးအတွက် အသက်တမျှ အရေးကြီး ကြောင်းလည်း ဦးလုံစီက ဆက်ပြောသည်။

    “ဒီအစိုးရက တိုင်းပြည်ကြီးကို သူတို့ပဲ အုပ်ချုပ်နိုင်မယ်လို့ ထင်နေကြတာ။ ဒါပေမယ့် တိုင်းရင်းသားတွေကလည်း ဖက်ဒရယ်ကိုပဲ လိုလားနေကြတယ်။ အမေရိကန် သံတမန်နဲ့လည်း ဒါတွေပဲ ဆွေးနွေးခဲ့ကြတယ်” ဟု မွန် ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၏ ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်းက ဧရာဝတီကို ပြောသည်။“ဖက်ဒရယ် ပြည်ထောင်စုစစ်စစ် မရသေးသရွေ့ လက်နက်ကိုင် တိုက်ခိုက်နေကြဦးမှာပဲ။ နှစ်ပေါင်း ၆၀ ရှိနေပြီလေ တိုက်နေတာ” ဟုလည်း ၎င်းက ဆိုသည်။တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ စစ်မှန်သောပြည်ထောင်စုတို့ကို မဖော်ဆောင်နိုင်သမျှ ကာလပတ်လုံး ဒုတိယပင်လုံ ကိစ္စသည် ရပ်တန့်သွားမည် မထင်ကြောင်း ဦးနိုင်ငွေသိန်းက ဆက်ပြောသည်။

    “အမျိုးသားပြန်လည်သင့်မြတ်ရေးကို အမြန်ဆုံး အကောင်အထည် မဖော်နိုင်ဘူးဆိုရင် ပြည်တွင်းစစ်ကြီး ဖြစ်လာနိုင်တယ်။ဒါဟာ အင်မတန်စိုးရိမ်စရာ ကောင်းတဲ့ကိစ္စပါ” ဟု ဦးအေးသာအောင် က ဆိုသည်။
    စစ်အစိုးရသည် တိုင်းရင်းသားစည်းလုံးမှု တည်ဆောက်မည်ဟု ပြောလာသည်မှာ နှစ်ပေါင်း ၆၀ ကျော်လာပြီ ဖြစ်သော်လည်း ယနေ့အထိ အောင်မြင်မှု မရသေးကြောင်း၊ ထို့ကြောင့် မည်သည့် အကြောင်းကြောင်းကြောင့် ဖြစ်စေ အမျိုးသား ရင်ကြားစေ့ရေး အတွက် ဆွေးနွေးပွဲ စကားဝိုင်းသို့ အားလုံးပါဝင်လာနိုင်ရန် အချိန်ယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

    “ဒုတိယပင်လုံ ပေါ်ပေါက်ရေး လုပ်ဆောင်တာက နိုင်ငံတော်ပုန်ကန်တာလည်း မဟုတ်ဘူး၊ စတန့်ထွင်တာ၊ စိတ်ကူးယဉ် တာလည်း မဟုတ်ဘူး။ ဒါကြောင့် ဖြစ်အောင် လုပ်မှာပါ” ဟု လည်း ဦးအေးသာအောင်က ဆိုသည်။
    အတိုက်အခံ တိုင်းရင်းသား ခေါင်းဆောင်ကြီးများ၊ ၂၀၁၀ ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားခေါင်းဆောင်များ နှင့် ဒေါ်အောင်ဆန်းစုကြည်တို့က ဒုတိယပင်လုံ ကိစ္စကို ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုနေကြသည့်နောက်ပိုင်းတွင် စစ်အစိုးရ သတင်းစာများက ပထမဆုံးအကြိမ်အဖြစ် ခြိမ်းခြောက် ရေးသားလိုက်ခြင်းဖြစ်ရာ တားဆီးမှု၊ ကန့်သတ်မှုများ ဆက်လက် လုပ်ဆောင်လာနိုင်သည်ဟု နိုင်ငံရေး ခေါင်းဆောင်များက ပြောသည်။

    ဒီမိုကရေစီ နိုင်ငံတော်သို့ ကူးပြောင်းမည်ဟု ကြွေးကြော်နေသော စစ်အစိုးရ၏ ပြောဆိုမှုသည် လုပ်ရပ်နှင့် တခြားစီဖြစ်နေ ကြောင်းလည်း နိုင်ငံရေးခေါင်းဆောင်များက ဝေဖန်ကြသည်။ဒုတိယ ပင်လုံညီလာခံ ခေါ်ယူရေး အတွက် စစ်ကိုင်းတိုင်း ကလေးမြို့၌ အောက်တိုဘာလ ၂၄ ရက် နေ့တွင်ပြုလုပ်သော ဇိုမီးအမျိုးသား ကွန်ဂရက် ၂၂ နှစ်မြောက် အခမ်းအနားတွင် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။လက်မှတ်ရေးထိုးခဲ့ကြသူများမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦး၊ ဦးဝင်းတင်၊ ၀ါရင့်နိုင်ငံရေး သမားကြီ သခင်သိန်းမောင်၊ မွန်ဒီမိုကရေစီ အဖွဲ့ချုပ် (MNLD) မှ နိုင်ငွေသိန်း၊ နိုင်ထွန်းသန်း၊ ကရင်အမျိုးသား ကွန်ဂရက်မှ စောဟာရီ၊ ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးထောင်ခိုထန်း နှင့် တခြား တိုင်းရင်းသား ခေါင်းဆောင်များ ဖြစ်ကြောင်း သိရသည်။ ပထမ အကြိမ် ပင်လုံညီလာခံအား ၁၉၄၇ ခုနှစ်တွင် မြန်မာ့လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင်များ လက်မှတ်ရေးထိုးခဲ့ကြသည်။