Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image

SSA-N တပ်မဟာ (၇) ကို စစ်အစိုးရ ဖိအားပေး

  • Wednesday, December 8, 2010
  • .
  • အကြောင်းအရာ >

  • စစ်အစိုးရနှင့် ဆက်ဆံရေး တင်းမာနေသည့် ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSA-N) လက်အောက်ခံ တပ်မဟာ (၁) နှင့် ဆက်ဆံမှုများ ရှိနေသည့်အတွက် ပြည်သူ့စစ် အသွင်ပြောင်းရေးကို မူအရလက်ခံထားသည့် တပ်မဟာ (၇) ကို အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် (ရပခ) တိုင်းမှူးမှ သတိပေး ခြိမ်းခြောက်မှုများရှိနေကြောင်း သတင်းရရှိသည်။
    szs_SSA-N

    SSA- N တပ်မဟာ (၁) တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - mongloi)

    နိုဝင်ဘာလကုန်ပိုင်းမှစပြီး SSA-N တပ်မဟာ (၇) ကို ပြည်သူ့စစ်အဖြစ် လုံးဝ အသွင်ပြောင်းရန်နှင့် မလိုက်နာပါက တပ်မဟာ (၁) နှင့် ပူးပေါင်းကာ တောတွင်းပြန်ဝင်၍ တိုက်ခိုက်နိုင်ကြောင်း ရပခ တိုင်းမှူး ဗိုလ်မှူးချုပ် ဆန်းဦးက တပ်မဟာ (၇) မှ တာဝန်ရှိသူများကို ခေါ်ယူပြောဆိုသည်ဟု တပ်မဟာ (၇) နှင့် နီးစပ်သူတဦးက ပြောသည်။

    တပ်မဟာ (၇) သည် ပြည်သူ့စစ် အသွင်ပြောင်းရေးကို လက်ခံလိုသည့် SSA-N ဥက္ကဋ္ဌ ဦးလွယ်မောင်းကို မလွန်ဆန်နိုင်သဖြင့်သာ ပြည်သူ့စစ်အဖြစ် လက်ခံခဲ့ရကြောင်း၊ တပ်ဖွဲ့ဝင်များသည် ရှမ်းပြည်တပ်မတော်၏ လက်အောက်ခံ တပ်မဟာအဖြစ်သာ ရှိလိုကြောင်း ၎င်းက ဆိုသည်။

    ရှမ်းပြည်အရှေ့ပိုင်း ကာလိဒေသ အခြေစိုက် တပ်မဟာ (၇) နှင့် စစ်အစိုးရတို့အကြား ဆက်ဆံရေး တင်းမာခဲ့ပြီးနောက် ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး၊ ဗိုလ်မှူးချုပ် ဆန်းဦးနှင့် အမြောက်တပ်ဖွဲ့ ညွှန်ကြားရေးမှူးတို့သည် ယခုလ ပထမပတ်တွင် ရှမ်းပြည်နယ်အတွင်းသို့ ရဟတ်ယာဉ်များဖြင့် လှည့်လည်ပြီး စစ်ရေးအခြေအနေများ လေ့လာခဲ့သည်ဟုလည်း သိရှိရသည်။
    တပ်မဟာ (၁) နှင့် တပ်မဟာ (၇) တို့ လှုပ်ရှားရာ နယ်မြေအကြားတွင် အမြောက်တပ်ရင်း ၁ ရင်းနှင့် ရပခ လက်အောက်ခံ ခြေလျင်၊ ခြေမြန် တပ်ရင်း ၁ ရင်း တိုးမြှင့်ချထားသည်ဟု သိရကြောင်း ရှမ်းသံတော်ဆင့်သတင်းဌာနမှ စိုင်းမိန်းက ပြောသည်။

    SSA-N တွင် တပ်မဟာ (၁)၊ တပ်မဟာ (၃) နှင့် (၇) ဟူ၍ တပ်မဟာ ၃ ခုရှိပြီး တပ်မဟာ (၃) နှင့် (၇) တို့သည် ယခုနှစ် ဧပြီလ ၂၂ ရက်နေ့တွင် ပြည်သူ့စစ် အသွင်ပြောင်းရန် လက်ခံခဲ့သည်။ တပ်မဟာ (၁) သည် ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ဝမ်ဟိုင်း ဒေသတွင် အခြေစိုက်ပြီး တပ်မဟာ ၃ ခုအနက် အင်အား အတောင့်တင်းဆုံးဖြစ်ကာ ပြည်သူ့စစ်အသွင်ပြောင်းရန် ငြင်းဆန်ထားပြီး မကြာသေးမီက နအဖ တပ်များနှင့် တိုက်ပွဲအနည်းငယ် ဖြစ်ပွားခဲ့သည်။ပြည်သူ့စစ်အသွင်ပြောင်းရန် ငြင်းဆန်ပြီးချိန်မှစ၍ တပ်မဟာ (၁) ၏ ဖွဲ့စည်းပုံကို ပြောင်းလဲခဲ့ပြီး တပ်မဟာ (၁) အစား “ရှမ်းပြည်တပ်မတော်” ဟု ပြောင်းလဲသတ်မှတ်ခဲ့ကြောင်း နီးစပ်သူတဦးက ပြောသည်။

    တပ်မဟာ (၁) သည် မကြာသေးမီက တိုက်ပွဲများအပြီး၌ ၎င်းတို့၏ တပ်စခန်းများကို ဖျက်သိမ်းကာ တောတွင်းတွင် တပ်ဖျောက်နေထိုင်ပြီးနောက် မည်သည့် တိုက်ခိုက်မှုမျှ ထပ်မံပေါ်ပေါက်ခြင်း မရှိသေးကြောင်း စစ်ရေးလေ့လာသူများက ဆိုသည်။ ပြည်သူ့စစ် အသွင်ပြောင်းရန် လက်ခံခဲ့သည့် တပ်မဟာ (၇) သည် ရှမ်းပြည်အရှေ့ပိုင်း ကာလိဒေသတွင် အခြေစိုက်ပြီး ဗိုလ်မှူးကြီး လောင်ကွမ်း ဦးဆောင်ကြောင်း သိရသည်။
    အတည်မပြုနိုင်သည့် သုံးသပ်ချက်များအရ တပ်မဟာ (၇) တွင် အနည်းဆုံး အင်အား ၁ ထောင်ကျော် ရှိသည်ဟု စစ်ရေးအကဲခတ်များက ဆိုသည်။ တပ်မဟာ (၃) သည် ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် လွယ်ခေးဒေသတွင် အခြေစိုက်ပြီး ဗိုလ်မှူးကြီး လှမြင့်က ဦးဆောင်သည်ဟုလည်း သိရသည်။

    ယင်းတပ်မဟာ ၂ ခု၏ စုစုပေါင်းအင်အားသည် တပ်မဟာ (၁) လောက် တောင့်တင်းမှုမရှိကြောင်း၊ စစ်အစိုးရ၏ တပ်ရင်း များတိုးချဲ့ချထားမည့် ကိစ္စသည်လည်း တပ်မဟာ (၇) အပေါ် စစ်ရေးအရ ဖိအားပေးလိုခြင်းသာ ဖြစ်နိုင်ကြောင်း စိုင်းမိန်းက ပြောသည်။ တပ်မဟာ (၁) ကို ဗိုလ်မှူးကြီး ပန်ဖ က ဦးဆောင်ပြီး အင်အား ၃ ထောင်မှ ၄ ထောင်ကျော်အထိ ရှိသည်ဟု စစ်ရေး အကဲခတ်များက ဆိုကြသည်။