Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image

လိုချင်တာ ဒီမိုကရေစီ၊ ရွေးကောက်ပွဲမဟုတ်

  • Thursday, November 25, 2010
  • .
  • အကြောင်းအရာ >
  • နအဖသည် လူထုကလိုလား တမ်းတနေသော ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရန် အတွက်ဟုဆိုကာ ၁၉၉၆ ခုနှစ်က ရပ်ဆိုင်းထားခဲ့သော အမျိုးသားညီလာခံ ပြန်လည် စတင်နိုင်ရေး အတွက် ၂၀၀၃ ခုနှစ် သြဂုတ်လတွင် လမ်းပြမြေပုံ ၇ ချက်ကို ထုတ်ပြန်ကြေညာခဲ့သည်။

    Burmese-people-look-at-campaign-poster-of-candidate-at-downtown

    ရန်ကုန်မြို့လည်ရှိ ကြံ့ဖွံ့ပါတီ မဲဆွယ်ဆိုင်းဘုတ်ကို လမ်းသွားလမ်းလာ ပြည်သူများက ကြည့်ရှုနေစဉ်။ (ဓာတ်ပုံ - Getty Images)

    လမ်းပြမြေပုံ၏ ပထမအချက်ဖြစ်သည့် ရပ်ဆိုင်းထားခဲ့သော အမျိုးသားညီလာခံကို ၂၀၀၄ ခုနှစ် မေလ ၁၇ ရက်နေ့တွင် မှော်ဘီမြို့နယ် ညောင်နှစ်ပင်စခန်း၌ ပြန်လည်ကျင်းပခဲ့သည်။ ထိုညီလာခံသို့ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲအနိုင်ရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချူပ် (NLD) နှင့် လူထုကိုယ်စားလှယ်များ တက်ရောက်ခြင်းမရှိပေ။

    နအဖမှ စိတ်ကြိုက်ရွေးချယ်ထားသော ကိုယ်စားလှယ်များဖြင့်သာ ကျင်းပခဲ့ခြင်းဖြစ်သည်။ ညီလာခံတွင် တိုင်းရင်းသား အခွင့်အရေးများနှင့် ပက်သက်ပြီး အပစ်အခတ် ရပ်စဲထားသေား တိုင်းရင်းသားအဖွဲ့အစည်း တချို့၏ တင်ပြချက်များကိုလည်း မျက်ကွယ် ပြုခဲ့သည်။ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာမိသားစုများကလည်း ညီလာခံ မစတင်ခင်ကပင် အင်အားစုအားလုံး ပါဝင်နိုင်ရေးအတွက် အဘက်ဘက်က ကြိုးစားဆောင်ရွက်ခဲ့သော်လည်း နအဖက ထိုကမ်းလှမ်းချက်များကို မျက်ကွယ်ပြု ဇွတ်ဆန့်ကျင်ကာ ခေါင်းမာမာဖြင့် ကျင်းပခဲ့သည်။

    ပြည်ပရှိ အတိုက်အခံအင်အားစုများသည် နအဖ၏ လမ်းပြမြေပုံ ၇ ချက် ထွက်ပေါ်လာပြီးသည့်နောက်တွင် လမ်းပြမြေပုံပါ အဆင့်တိုင်းအား ဆန့်ကျင်တိုက် ဖျက်သွားမည်ဆိုသည့် ကြေညာချက်များထုတ်ကာ သန္နိဋ္ဌာန်ချခဲ့သည်။ သို့သော် နိုင်ငံရေးအရ အားကောင်းခဲ့သော်လည်း လက်တွေ့မှာမူ ထင်သလောက် ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိပေ။ ထို့အတူ ပြည်တွင်းရှိ NLD အပါအ၀င် တိုင်းရင်းသားအင်အားစုများကလည်း နအဖ၏ အမျိုးသားညီလာခံ ရပ်တန့်သွားအောင် ဆောင်ရွက်နိုင်ခြင်း မရှိပေ။ ပြောရမည်ဆိုလျှင် အတိုက်အခံအင်အားစုများ၏ အားနည်းချက်ဖြစ်သည့် စုစည်းနိုင်မှုအားနည်းခြင်း၊ ခိုင်မာသည့် ခေါင်းဆောင်မှုမရှိခြင်း (Strong Leadership)၊ တခုလုံးထက် တဖွဲ့ချင်း၏ အကျိုးကိုသာ ဦးစားပေဆောင်ရွက်ခြင်း စသည့် အချက်များကြောင့်ဖြစ်သည်။

    နအဖသည် အမျိုးသာညီလာခံကို ၂၀၀၇ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့တွင် အဆုံးသတ်ခဲ့ပြီး စစ်အာဏာရှင်စနစ် အသွင်ကူးပြောင်းရေး ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မူကြမ်းကို ရေးဆွဲခဲ့သည်။ ၎င်းနောက် ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့ ရက်စွဲဖြင့် ထိုမူကြမ်းအား အတည်ပြုနိုင်ရေးအတွက် လူထုဆန္ဒခံယူပွဲကို ၂၀၀၈ ခုနှစ် မေလ ၁၀ ရက်နေ့တွင် ကျင်းပမည်ဟု ထုတ်ပြန်ခဲ့သည်။

    နာဂစ်မုန်တိုင်းဒဏ်ကြောင့် သေဆုံးသွားခဲ့သူများနှင့် အသက်ရှင် ကျန်ရစ်ခဲ့သူများအတွက် ပြန်လည်ပြုစုပျိုးထောင်ရေး လုပ်ငန်းများအား အမျိုးသားရေးလုပ်ငန်းအဖြစ် သတ်မှတ်ပြီး ချက်ချင်းဆောင်ရွက်ရမည့် အချိန်တွင် ၎င်းတို့ အာဏာတည်မြဲရေးအတွက် မရှိမဖြစ် လိုအပ်သော ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်း အတည်ပြုနိုင်ရေးအတွက် လုံးလစိုက်ထုတ် ကြိုးပမ်းခဲ့ကြသည်။ ၎င်းတို့၏ ကြိုတင်အကွက်ချ အဓမ္မ စီစဉ်ထားမှုများအောက်တွင် လူထုထောက်ခံမှု ၉၂.၄၈ ရာခိုင်နှုန်း ရရှိခဲ့သည်ဟု ကမ္ဘာကို ထုတ်ပြန်ကြေညာခဲ့သည်။

    နအဖ၏ ဒီမိုကရေစီ အသွင်ကူပြောင်းရေးလုပ်ငန်းစဉ်ကို လေ့လာကြည့်သည့်အခါ ဒီမိုကရေစီ၏ အခြေခံကျသည့် အချက်ဖြစ်သည့် အင်အားစုအားလုံး ပါဝင်နိုင်ရေးဆိုသည့်အချက်ကို ဆန့်ကျင်သည့် ဆောင်ရွက်မှုများကိုသာ တွေ့ရသည်။ ထိုအချက်သည် တကယ်တမ်း ဒီမိုကရေစီ အသွင်ကူပြောင်းရေးကို ဦးတည်နေသည်လားဆိုသည်မှာ သံသယဖြစ်စရာမလိုပေ။ NLD နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မီတီက ရွေးကောက်ပွဲကိုဆန့်ကျင်ထားသည်။

    ယခု ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပြည်တွင်းပြည်ပရှိ အတိုက်အခံအင်အားစုများ အကြားတွင် သဘောထားကွဲလွဲမှုများ ရှိခဲ့သည် အထူးသဖြင့် ပြည်တွင်းအင်အားစုများအကြားတွင် ဖြစ်သည်။ နှစ်ဖက်စလုံး၏ အမြင်ချည်းကပ်မှုများသည် သူ့အယူအဆနှင့်သူ ခိုင်မာကြောင်း ယူဆနိုင်ပါသည်။ သေချာသည်မှာ အတိုက်အခံ အင်အားစုများအနေဖြင့် အမျိုးသားလွှတ်တော် (သို့) ပြည်ထောင်စုလွှတ်တော်တွင် ဥပဒေပြုနိုင်ရေးအတွက် လုံလောက်သော လွှတ်တော်ကိုယ်စားလှယ်နေရာ ရရှိနိုင်မည် မဟုတ်ပေ။ အကယ်၍ လုံလောက်သည့် ကိုယ်စားလှယ်ဦးရေ ရရှိသည်ဆိုဦး၊ အတည်ပြုနိုင်ရေး အတွက် ၇၅ ရာခိုင်နှုန်းကျော် ရရှိရန်လိုအပ်သည်။ ပြည်တောင်စုလွှတ်တော်ကို အရပ်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းနှင့် စစ်တပ်မှ ၂၅ ရာခိုင်နှုန်းဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

    ထိုကြောင့် ၇၅ ရာခိုင်နှုန်းကျော်ရန်အတွက်ဆိုလျှင် ကျန်ရှိနေသည့် စစ်တပ်အင်အားဖြစ်သည့် ၂၅ ရာခိုင်နှုန်းထဲမှ ၁ ရာခိုင်နှုန်းရရန်မှာ လွယ်ကူသောကိစ္စ မဟုတ်ပေ။ အထက်ပါအချက်များကြောင့် မိမိတို့အနေဖြင့် ပြုပြင်လိုသော ဥပဒေ၊ ဆွေးနွေးလိုသော အကြောင်းအရာများကို မည်သို့မျှ ဆွေးနွေးခွင့် ရရှိနိုင်မည်မဟုတ်ပေ။ သို့သော်လည်း လူထုနှင့် တိုင်းပြည်အတွက် မိမိတို့၏ အမြင်အယူအဆများကို အခြားသူများသိရှိအောင် တင်ပြနိုင်သော အခွင့်အရေးသာ ရရှိမည်ဖြစ်သည်။

    ယခုဆိုလျှင် ရွေးကောက်ပွဲကာလ နီးလာလေ ပြဿနာ များလာလေဖြစ်နေသည်။ အောက်တိုဘာလ ၂၂ ရက်နေ့က တနာရီလျှင် မိုင် ၁၂၀ နှုန်းရှိသော ဂီရိဆိုက်ကလုန်းမုန်တိုင်း ရခိုင်ပြည်နယ်အတွင်းသို့ ၀င်ရောက်တိုက်ခိုက်ခဲ့ရာ ကျောက်ဖြူ၊စစ်တွေ၊ မြေပုံမြို့များတွင် ပျက်ဆီးဆုံးရှုံးမှု အများဆုံးရှိခဲ့သည်။ လူဦး ၇၀၇၉၅ ဦး အိုးအိမ်မဲ့ဖြစ်ခဲ့ရပြီး လူဦးရေ ၁၇၅၀၀၀ ကျော် မုန်တိုင်းဒဏ်ကြောင့် အစားအစာ၊ သောက်သုံရေ မလုံလောက်မှု အခက်အခဲတို့နှင့် ရင်ဆိုင်နေရချိန်တွင် ထိုသူများအတွက် ကယ်ဆယ်စောင့်ရှောက်ရေး လုပ်ငန်းများကို အလျင်အမြန်ဆောင်ရွက်ရမည့်အစား လျစ်လျူရှုကာ မိမိတို့အာဏာရရှိရေးအတွက် မဲဆွယ်ကြိုးစားနေမှုများကိုသာ တွေ့နေရသည်။

    နေပြည်တော်တွင်လည်း ယူနီဖောင်းချွတ်ခိုင်းမှုကြောင့် ဗိုလ်ချုပ်ကြီးများအချင်းချင်း မယုံသင်္ကာဖြစ်ကာ လုံခြုံရေးတင်းကြပ်မှုများ ရှိနေသည်ဟု ကြားနေရပါသည်။ လူထုအတွင်းတွင်လည်း ရွေးကောက်ပွဲနီးလာသည့်တိုင်အောင် မည်သည့်ပါတီ၊ မည်သည့်ပုဂ္ဂိုလ်ကို ဘယ်လိုရွေးချယ်မဲပေးရမည်ကို သေသေချာချာ ရှင်းရှင်းလင်းလင်း မသိဘဲ ဇဝေဇ၀ါဖြစ်လျက်ရှိပါသည်။ သေချာသည်မှာ ဌာနဆိုင်ရာများတွင်လည်းကောင်း၊ စစ်တပ်နှင့် ရဲတို့ အတွင်းတွင်လည်းကောင်း ကြံ့ဖွံ့ပါတီကိုသာ မဲပေးရမည်ဟု တရားဝင်ပြောဆိုမှုများ ရှိနေသည်။

    ထို့အပြင် တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင် တာဝန်ယူမည့် အကြီးအကဲများ၏ အမည်များလည်း ထွက်နေပြီဖြစ်သည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ကြိုတင်စီစဉ်ထားပြီးဖြစ်သည် ဆိုသည်မှာ ရှင်းနေပြီဖြစ်သည်။ ထို့ကြောင့် ရွေးကောက်ပွဲဆိုသည်မှာ ဘာလဲ၊ အဓိပ္ပာယ်ရှိပါဦးမည်လား။ အောက်တိုဘာလ ၂၈ ရက်နေ့က ရန်ကုန်မြို့ ဗဟန်းရှိ ၎င်းတို့ရုံးတွင် ပထမဆုံးကျင်းပသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ၏ သတင်းစာရှင်းလင်းပွဲတွင် “ရွေးကောက်ပွဲအပြီး ပြည်သူ့လွှတ်တော်ခေါ်ချိန်အထိ လက်ရှိစစ်အစိုးရမှ ဆက်လက်အုပ်ချူပ်သွားမည်ဟု လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဌေးဦးက” ၎င်းတို့နှင့် မသက်ဆိုင်သော အကြောင်းအရာကို ထည့်သွင်းပြောသွားခဲ့သည်။

    ယခုဆိုရင် ရွေးကောက်ပွဲရက်ရောက်ရန် ၂ ရက်သာ လိုတော့သည့် အချိန်တွင် ၎င်းတို့၏ သွင်ပြင်လက္ခဏာက ပိုမိုထင်ရှားလာလေ ဖြစ်နေသည်။ ထို့ကြောင့် မြန်မာ့နိုင်ငံရေးပြဿနာကို ရွေးကောက်ပွဲကျင်းပရုံနှင့် ပြေလည်သွားပြီလော၊ ရွေးကောက်ပွဲသည် မြန်မာ့နိုင်ငံရေးအတွက် အဖြေလောဆိုသည်ကတော့ စဉ်းစားစရာ မေးခွန်းဖြစ်နေကြောင်း တင်ပြအပ်ပါသည်။