ဆိုလ်း-November 23, 2010
မြောက်ကိုရီးယား နိုင်ငံသည် နိုဝင်ဘာလ ၂၃ ရက်နေ့ ကိုရီးယား စံတော်ချိန် နေ့လည် ၂ နာရီ ၃၄ မိနစ်က တောင်ကိုရီးယား ရေပိုင်နက် ဘက်ခြမ်းရှိ ပိုင်ဆိုင်မှု အငြင်းပွားလျက်ရှိသော တောင်ကိုရီးယားကျွန်း ယုံပြောင် (Yeonpyeong) သို့ လက်နှက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ အချက် ၂၀၀ ခန့်ထိမှန်ပြီး အိမ်ခြေများစွာ ပျက်စီးကာ တောင်ကိုရီးယား ဘက်မှလည်း ပြန်လည် ပစ်ခတ်ခဲ့သည်ဟု သိရသည်။
CNN သတင်းဌာန၏ ဖော်ပြချက်အရ တောင်ကိုရီးယား တပ်မတော်သား ၁၄ ဦးနှင့် အရပ်သာ ၂ ဦး ဒဏ်ရာရရှိပြီး တောင်ကိုရီးယား ဘက်မှလည်း ကာကွယ်သည့်အနေဖြင့် အချက် ၈၀ ခန့် ပြန်လည်ပစ်ခတ်ကာ တိုက်လေယဉ်များ အသင့်ပြင်ထားကြောင်း သိရသည်။
တောင်ကိုရီးယား နိုင်ငံမြို့တော် ဆိုလ်းတွင် တောင်ကိုရီးယား သမ္မတ လီမြောင်ဘတ်က အစိုးရပိုင်း ထိပ်တန်း အကြီးအကဲများ၊ ကာကွယ်ရေး လုံခြုံရေးဆိုင်ရာ ဝန်ကြီးများ နှင့် အရေးပေါ် အစည်းအဝေး ခေါ်ဆိုခဲ့ပြီး နိုင်ငံ တစ်ဝှမ်းလုံးတွင် စစ်ပွဲမဟုတ်သော ကာလများ အတွင်း အမြင့်ဆုံးသတိပေးချက် ထုတ်ပြန်ထားကြောင်း သိရသည်။
BBC သတင်းဌာန၏ ဖော်ပြချက်အရ တောင်ကိုရီးယားဘက်မှ သေဆုံးသူ တပ်မတော်သား ၂ ဦးရှိပြီ ဖြစ်ကာ တောင်ကိုရီးယား သမ္မတ လီမြောင်ဘတ်က မြောက်ကိုရီးယား၏ အပြုအမူအပေါ် တိတိကျကျ တုန့်ပြန်ရန် အမိန့်ပေးထားပြီး တစ်ချိန်တည်းမှာပင် အခြေအနေကို ဒီထက်ပိုမို ဆိုးရွားမှု မပြင်းထန်စေရန် ညွှန်ကြားထားကြောင်း သိရသည်။
မြောက်ကိုရီးယား၏ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကို ခံခဲ့ရသော တောင်ကိုရီးယားပိုင် ကျွန်းလေးတွင် အရပ်သား (၂)ဦး၏ အလောင်းများအား ရှာဖွေတွေ့ရှိခဲ့ကြောင်း နိုဝင်ဘာ (၂၄)ရက်နေ့က တောင်ကိုရီးယား သတင်းဌာနများက ကြေညာသည်။ နိုဝင်ဘာ (၂၃)ရက်နေ့ မြောက်ကိုရီးယားဖက်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်ဆံ (၅၀)မျှ ယွန်ပြွန်းကျွန်းပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး တိုက်တာအဆောက်အအုံများ ပြိုပျက်ခဲ့သည်။ တောင်ကိုရီးယား နယ်ခြားစောင့်တပ်သည် ချက်ချင်းပင် လက်စားချေ ပစ်ခတ်ခဲ့ကြောင်းလည်း သတင်းများကဆိုသည်။ နောက်တစ်နေ့တွင် အပျက်အစီးများကြား ရှင်းလင်းမှုများ ပြုလုပ်ရင်း အလောင်းများကို တွေ့ရှိလာခြင်းဟု သိရသည်။
ယွန်ပြွန်းရှိ ဒေသခံများသည် နောက်ထပ် မြောက်ကိုရီးယား လက်နက်ကြီး ကျည်ဆံများ ကျရောက်လာမည်ကို စိုးရိမ်ကြောင့်ကြလျက်ရှိသည်။ မြောက်ကိုရီးယား၏ ပစ်ခတ်မှုသည် ကိုရီးယားကျွန်းဆွယ် စစ်ပွဲနောက်ပိုင်း အကြီးမားဆုံး နယ်စပ်အရေးအခင်းတစ်ခုကို ဦးတည်နေစေခြင်းဖြစ်သည်။ အမေရိကန် သမ္မတ ဘာရတ်အိုဘားမားသည် တောင်ကိုရီးယား သမ္မတ လီမြောင်ဘက်ခ်နှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် အမေရိကန်အနေနှင့် ၎င်းတို့၏ စစ်ရေးမဟာမိတ်ဖက်မှ အခိုင်အမာ ရပ်တည်မည်ဟု ကတိပြုခဲ့သလို စစ်ပွဲဖြစ်လာပါက ကူညီရန်အတွက် စစ်သင်္ဘောများကိုလည်း စေလွှတ်ပေးခဲ့သည်။ ထို့အပြင် နှစ်နိုင်ငံပူးပေါင်းကာ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ရန်နှင့် အမေရိကန်ရေတပ်မှ နာမည်ကျော် ဂျော့ဂ်ျဝါရှင်တန် လေယာဉ်တင် သင်္ဘောကြီးကို ပဋိပက္ခများ ဖြစ်ပေါ်နေသည့် ဒေသသို့ စေလွှတ်ပေးရန် သဘောတူညီမှုကိုပါ ရယူနိုင်ခဲ့သည်။ အိုဘားမားက “အမေရိကန်အနေနဲ့ အရင်းနှီးဆုံး မိတ်ဆွေနိုင်ငံ၊ နောက်ပြီးတော့ မဟာမိတ်ဖြစ်တဲ့ တောင်ကိုရီးယားနဲ့ ရင်ဘောင်တန်း ရပ်တည်ပေးမှာပါ”ဟု သမ္မတလီအား ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးမှုအတွင်း ကတိပြု ပြောဆိုသွားသည်။