နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်ကြီးဟောင်းနှင့် စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွန့်ကို ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီက လာရောက်တွေ့ဆုံပြီး ခေါ်ထုတ်သွားသည့် ဗီဒီယိုကလစ်သည် အင်တာနက်တွင် ပျံ့နှံ့နေပြီး မြန်မာ့အရေး စောင့်ကြည့်လေ့လာသူများ အနေဖြင့် အမျိုးမျိုး သုံးသပ်လျက်ရှိကြောင်း သိရှိရသည်။
ရဲချုပ် ခင်ရီ ဦးဆောင်သည့် ရဲအရာရှိများနှင့် ဦးခင်ညွန့်တို့ တွေ့ဆုံဆွေးနွေးသည့် ဗီဒီယိုဖိုင်သည် ၁၆ မိနစ်ကျော် ရှည်လျားသော်လည်း အသံဖိုင် ပါဝင်ခြင်း မရှိပေ။ အဆိုပါ ဗီဒီယိုဖိုင်သည် လူမှုကွန်ယက် ဝက်ဘ်ဆိုက် တခုဖြစ်သည့် Facebook တွင် ယမန်နေ့ ညနေမှစ၍ ပျံ့နှံ့နေခြင်းဖြစ်သည်။
ဦးခင်ညွန့်သည် ယခုအချိန်တွင် အသက် ၇၀ ကျော်ရှိပြီး စစ်အစိုးရလက်ထက်တွင် ပထမဆုံးသော နိုင်ငံတော်ဝန်ကြီးချုပ် ဖြစ်ခဲ့သည်။ ထိပ်သီးပိုင်း ရာထူးများအတွင်း အာဏာပြိုင်ဆိုင်မှုများကြောင့် ၂၀၀၄ ခုနှစ်တွင် ရာထူးမှ ဖယ်ရှားခံရပြီး နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံခဲ့ရသည်။စစ်ထောက်လှမ်းရေးဟောင်း ဦးခင်ညွန့်ကို နေပြည်တော်သို့ ခေါ်ယူပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ဆွေးနွေးစေမည်ဟု ယခုနှစ်အတွင်း ကောလာဟလသတင်းများ ထွက်ပေါ်ဖူးသည်။
ရဲချုပ်ခင်ရီက ဦးခင်ညွန့်ကို အလေးပြုနေဆဲဖြစ်ကြောင်း ဗီဒီယိုဖိုင်တွင် တွေ့ရသည်။ ဦးခင်ညွန့်က ၎င်း၏ အိမ်ရှေ့တံခါးကို ကိုယ်တိုင်ဖွင့်ပေးခဲ့ပြီး ရဲချုပ်နှင့် မိနစ်အနည်းငယ်ခန့် ဆွေးနွေးကြသည်။ ရဲချုပ် ခင်ရီက ဦးခင်ညွန့်နှင့် ဇနီးဖြစ်သူ ဒေါက်တာ ဒေါ်ခင်ဝင်းရွှေတို့ကို တစုံတခု ရှင်းပြပြောဆိုပြီးနောက် ၎င်းတို့ ဇနီးမောင်နှံက မြေးဖြစ်သူများကို နှုတ်ဆက်ကြောင်း တွေ့ရသည်။ ဦးခင်ညွန့်နှင့် ဇနီးဖြစ်သူကို နေရာမှန်းဆ၍ မရသော နေရာတနေရာသို့ ခေါ်ဆောင်သွားပြီး ဦးခင်ညွန့်က ရဲချုပ်ခင်ရီနှင့် အဖွဲ့ကို တစုံတရာ ပြောဆိုနေကြောင်း တွေ့ရသည်။ နောက်ခံအနေအထားအရ ဦးခင်ညွန့်၏ နဂိုမူလ နေထိုင်သည့်အိမ် မဟုတ်ကြောင်း ခန့်မှန်းရသည်။
စစ်တပ်အသိုင်းအဝိုင်းမှ အမည်မဖော်လိုသူတဦးက “ဒါက ထူးဆန်းနေပါတယ်။ ဘာလို့လဲဆိုတော့ ရာထူးက ဖယ်ရှားခံထားရတဲ့ သူတယောက်ကို လက်ရှိတာဝန်ထမ်းဆောင်နေဆဲ အရာရှိက ဘယ်တော့မှ အလေးပြုလေ့မရှိဘူး” ဟု ဆိုသည်။အမေရိကန်နိုင်ငံတွင် စစ်သံမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်က “အရာရှိကြီးတွေနဲ့ လျှို့ဝှက်ဆွေးနွေးဖို့ ဦးခင်ညွန့်ကို သိပ်မကြာသေးခင်ကပဲ တပ်မတော် ဧည့်ဂေဟာကို ခေါ်သွားဟန်တူပါတယ်” ဟု ၎င်း၏ အမြင်ကို ပြောသည်။
ယခုကဲ့သို့ ဗီဒီယိုဖိုင် ပျံ့နှံ့နေရခြင်း အကြောင်းအရင်းကို မည်သူကမှ အတိအကျ မသိရှိဘဲ မကြာသေးမီက နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်မှုရှိနိုင်ကြောင်း ပြောဆိုမှုများလည်း ပေါ်ထွက်လာသည်။
စစ်တပ် အသိုင်းအဝိုင်းကမူ နိုဝင်ဘာလ ၇ ရက်ရွေးကောက်ပွဲ နေ့ကတည်းကပင် ဦးခင်ညွန့်ကို လွှတ်ပေးခဲ့သည် ဟုလည်း ပြောဆိုကြသော်လည်း အတည်ပြုနိုင်ခြင်း မရှိပေ။ဦးခင်ညွန့်ကို စတင်ထိန်းသိမ်းခဲ့ချိန်မှ စ၍ အပြင်သို့ ၄ ကြိမ်ထွက်ခဲ့ကြောင်း၊ နောက်ဆုံးအကြိမ် အပြင်ထွက်မှုမှာ ဝန်ကြီးဟောင်းတဦးဖြစ်သူ ဗိုလ်မှူးချုပ် တင့်ဆွေ ဇနီး၏ ဈာပနသို့ သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း တွေ့ရသည်။စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွန့်သည် တချိန်က အာဏာအရှိဆုံး ပုဂ္ဂိုလ်တဦး ဖြစ်ခဲ့ပြီး ၁၉၉၀ နှစ်များ၌ “ဝ” သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့နှင့် အပစ်အခတ်ရပ်စဲရေး ကိစ္စများတွင် အဓိက ကျသူတဦး ဖြစ်ခဲ့သည်။
ဦးခင်ညွန့်နှင့် ၎င်း၏ စစ်ထောက်လှမ်းရေးအဖွဲ့များ ဖယ်ရှားခံရပြီးနောက် ယခုလက်ရှိအခြေအနေတွင် စစ်အစိုးရနှင့် တိုင်းရင်းသား အပစ်ရပ် အဖွဲ့များအကြား ဆက်ဆံရေး အကြီးအကျယ်တင်းမာနေကြောင်း တွေ့ရှိရသည်။ဦးခင်ညွန့်သည် နိုင်ငံတကာနှင့် ဆက်ဆံရေး၌ ထိုးဖောက်နိုင်သည့် ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခံရခဲ့ပြီး စင်္ကာပူဝန်ကြီးချုပ် ဟောင်း လီကွမ်ယုကလည်း ဦးခင်ညွန့်ကို မြန်မာ စစ်အစိုးရ အရာရှိများအနက် အထက်မြက်ဆုံးဟု ချီးမွမ်းခဲ့ဖူးသည်။
ဦးခင်ညွန့်၏ ဇနီး ဒေါက်တာ ဒေါ်ခင်ဝင်းရွှေ၏ အကိုတော်စပ်သူ ဒေါက်တာသန်းငြိမ်းက ယခုပျံ့နှံ့နေသည့် ဗီဒီယိုဖိုင် နှင့်ပတ်သက်၍ မည်သို့မျှ နားမလည်ကြောင်း၊ ဦးခင်ညွန့်၏ မိသားစုနှင့်လည်း အဆက်အသွယ်မရှိသဖြင့် ယခု ဖြစ်ပျက်နေသည့် ကိစ္စများကို မသိရှိကြောင်း ဧရာဝတီသို့ ပြောသည်။
ဦးခင်ညွန့် အာဏာရှိနေစဉ်မှ ၂၀၀၈ အကုန်ပိုင်းအထိ ဒေါက်တာသန်းငြိမ်းသည် နိုင်ငံရေးအကျဉ်းသားအဖြစ် အကျဉ်းကျ ခံနေခဲ့ရပြီး ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ၏ လက်ရှိ ဥက္ကဋ္ဌ ဖြစ်သည်။
နိုင်ငံရေးအကဲခတ်များက ယခုတကြိမ် ဦးခင်ညွန့်ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တိုင်းရင်းသား လက်နက်ကိုင်များနှင့် ညှိနှိုင်းရေးတွင်သာ အသုံးချရုံမကဘဲ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးရာတွင်ပါ အသုံးချမည်ဟု ခန့်မှန်း ပြောဆိုကြသည်။ဦးခင်ညွန့်သည် ၂၀၀၃ ခုနှစ်တွင် နိုင်ငံတော်ဝန်ကြီးချုပ် ဖြစ်လာပြီးနောက် ပါတီစုံဒီမိုကရေစီ နိုင်ငံတော်သစ်ဆီသို့ ဟုဆိုကာ လမ်းပြမြေပုံ ၇ ချက်ကို ချမှတ်ခဲ့သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်က “ဦးခင်ညွန့် ထောင်ချခဲ့တဲ့သူတွေ မနည်းပါဘူး။ တချို့ဆိုရင် ၁၉၈၉ လောက်ကတည်းက အခုချိန်ထိ ထောင်ထဲမှာ ရှိနေကြတုန်းပဲ။ ဒါပေမယ့် အခုလိုမျိုး ဝမ်းနည်းစရာကိစ္စကိုတော့ ကျနော်တို့လည်း မမြင်ချင်ပါဘူး၊ သူ့ကိုမှ မဟုတ်ဘူး၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုလည်း အခုလိုမျိုး အခြေအနေမျိုးမှာ မတွေ့မြင်ချင်ပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။ဦးခင်ညွန့်ကို အဂတိလိုက်စားမှုများဖြင့် ၂၀၀၄ ခုနှစ်တွင် အင်းစိန်ထောင်တွင်း အထူးတရားရုံး၌ စစ်အစိုးရက ထောင်ဒဏ် ၄၄ နှစ် ချမှတ်ခဲ့သော်လည်း နေအိမ်အကျယ်ချုပ်အဖြစ်သာ ချုပ်နှောင်ထားခဲ့သည်။
ကိုရဲ
စစ်ထောက်လှမ်းရေး ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ် ခင်ညွှန့်ရဲ့ ပုံကိုကြည့်ပြီး လူတွေသံဝေဂ ရခဲ့ကြတယ်။ တခါတုန်းက ဇာတ်မင်းသားလေးလို ကြော့ကြော့လေးနေပြီး မီဒီယာရှေ့မှာ ကလေးတွေကို နမ်းနမ်းပြလေ့ရှိတဲ့ ဗိုလ်ချုပ် ခင်ညွှန့်တယောက် အခုလိုမျိုး အထီးကျန်ဆန်စွာ ဇာတ်သိမ်းခဲ့ရလိမ့်မယ်လို့ တွေးထင်ပုံမရခဲ့ဘူး။
(၁)
ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းသားတွေက ဗိုလ်ချုပ် ခင်ညွှန့်ကို အနည်းဆုံး (၃) ကြိမ်နီးပါးလောက် အနီးကပ် ဆုံဆည်းခဲ့ကြဖူးတယ်။ပထမအကြိမ်က ဘုန်းမော်အရေးအခင်း ဖြစ်ပွားနေချိန်၊ မတ်လ (၁၅) ရက်နေ့မှာ စစ်ဝါဒီတွေက ရန်ကုန် စက်မှုတက္ကသိုလ်ကျောင်းကို သူပုန်စခန်းတခုလို ဝင်သိမ်းပြီး ကျောင်းသားတွေကို မျက်ရည်ယိုဗုံးနံ့တွေ ဝေနေတဲ့ ပင်မအဆောက်အဦရှေ့မှာ စုထိုင်ခိုင်းတယ်။ ပြည်ထဲရေးဝန်ကြီး ဦးမင်းဂေါင်နဲ့ ပညာရေးဝန်ကြီး၊ ပါမောက္ခတွေ လာတဲ့အခါ ကိုတင်ထွန်းအောင် (တတိယနှစ်၊ ဓါတု) က “ခင်ဗျားတို့ အသုံးမကျလို့ ကျောင်းသားတွေ သေကုန်ပြီ” ဆိုပြီး ဒေါသတကြီးထချဲတယ်။
“ဟာ ... ဒီကျောင်းသားလေးက ကျော်ဟိန်း အတိုင်းပါလား။ ကဲ ... ကဲ ... သူ့ကို ရုပ်ရှင် ရိုက်ပေးလိုက်ကြပါဦး”
ကိုတင်ထွန်းအောင်ရဲ့ မျက်နှာရှေ့မှာ ကင်မရာတွေ ဝဲလာတယ်။မှတ်တမ်းတင်တဲ့သူကတင်၊ ဓါတ်ပုံရိုက်တဲ့သူတွေကလည်း တဖြတ်ဖြတ်ရိုက်၊ အဲဒီအရာရှိနဲ့ သူ့ရဲ့လူ နှစ်ယောက်က စာအိပ်ထူကြီးထဲက ဓါတ်ပုံတွေကို တခုခြင်းထုတ်ပြီး ကျောင်းသားတွေရဲ့ မျက်နှာတွေနဲ့ တိုက်ကြည့်တယ်။ကျောင်းသားတွေကို တယောက်ပြီးတယောက် ဆွဲထုတ်ပြီး အဆင့်ဆင့်ခွဲထားတဲ့ အချုပ်ကားကြီးတွေပေါ်ကို ဖမ်းတင်လိုက်ကြတယ်။ ကျောင်းသားတွေရဲ့ ရင်ထဲမှာ အဲသလို မိန်းမလိုမိန်းမရ ပြောတတ်တဲ့ ဗီလိန် ဝင်းညွှန့်လို မျက်နှာနဲ့လူကို မှတ်မိနေဖြစ်ခဲ့ကြတယ်။
စစ်အာဏာသိမ်းပြီး နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ကို အသက်သွင်းလိုက်ပြီး မြန်မာ့ရုပ်သံမှာ သူ့ကိုပြန်တွေ့လိုက်ရတော့မှ ...“သြော် ... ဗိုလ်ချုပ်ခင်ညွှန့်ဆိုတာ ဒီသူတောင်းစားကိုး” လို့ သဘောပေါက်လိုက်မိတယ်။ဘယ်လိုလုပ် မေ့လို့ရမှာလဲ။ ယမ်းနံ့တွေကြားမှာ အရာအားလုံးက သွေးပျက်ဖွယ်။ နာကျင်စိတ်နဲ့ အံကြိတ် လက်သီးဆုပ်ရုံကလွဲလို့ ဘာမှမတတ်နိုင်တဲ့ အချိန်မှာ သူတို့က ဓါတ်ပုံတွေတခုပြီးတခုထုတ်၊ ကျောင်းသားတွေရဲ့ မျက်နှာတွေကို တရားခံရှာသလို စေ့စေ့စပ်စပ်လိုက်ကြည့်၊ ရိသလိုလို၊ ထေ့သလိုလို မျက်နှာပေးနဲ့။ စိတ်ကူးထဲမှာ အကြိမ်ကြိမ် ဖနှောင့်နဲ့ထပေါက်ခဲ့တဲ့ မျက်နှာတခု။
(၂)
ဒုတိယကြိမ် တွေ့ဖူးခဲ့တာက မန္တလေးမြို့ မျက်စိ နား နှာခေါင်း ဆေးရုံမှာဖြစ်တယ်။ အကျဉ်းထောင်ထဲမှာ ကျန်းမာရေးမကောင်းတဲ့ သူငယ်ချင်းတယောက် မျက်စိဆေးရုံမှာ တက်နေတယ်ဆိုတဲ့အတွက် သတင်းသွားမေးနေချိန်။ ဗိုလ်ချုပ်ခင်ညွှန့် လာမယ်ဆိုတော့ လူနာလာမေးတဲ့သူတွေကို အကုန်ထွက်ခိုင်းတယ်။ ခင်မင်နီးစပ်တဲ့ သူနာပြုဆရာမလေးကြောင့် ကျနော်တို့တတွေကတော့ ဆေးရုံထဲက အခန်းတခုမှာ ဆက်လက်နေထိုင်ခွင့်ရခဲ့တယ်။
ခွဲစိတ်ခန်းတွေထဲကို ဝင်ကြည့်ပြီး သိပ်မကြာပါဘူး၊ ဗိုလ်ချုပ်ခင်ညွှန့်တို့တတွေ ပြန်သွားခဲ့ကြတယ်။ သူပြန်သွားတော့ ထုံးစံအတိုင်း အတင်းတွေ တိုးတိုးတိုးတိုး ကျန်နေခဲ့တယ်။ စစ်အုပ်စုနဲ့ နီးစပ်တဲ့ ဆရာမလေးတွေကတော့
“ဟယ် လက်ကလေးတွေကို နုနေတာပဲ” လို့ ဆိုကြသလို
စစ်အာဏာရှင်တွေကို ဆန့်ကျင်တဲ့ဆရာဝန်တွေ၊ ဆရာမတွေကတော့
“အောင်မလေး၊ သူတို့အလှည့်ကျတော့ ကြောက်တတ်လိုက်ကြတာ။ ခွဲခန်းထဲဝင်တာတောင် ဆေးရုံကပေးတဲ့ Mask တွေကိုမသုံးရဲဘူး” တဲ့။တကယ်တော့ ပြည်သူတွေကို သူတို့မယုံပါဘူး။ ပြည်သူတွေက သူတို့ကို မုန်းတီးနေတယ်ဆိုတာကို သဘောပေါက်နေသလို အချိန်မရွေး လုပ်ကြံခံရနိုင်တယ် ဆိုတာကိုလည်း နားလည်နေပုံရတယ်။
(၃)
တတိယအကြိမ်ကတော့ တကယ့်ကိုမှတ်မှတ်ရရပါ။
၁၉၉၅ ဒီဇင်ဘာလထဲမှာ ရန်ကုန်တက္ကသိုလ် စိန်ရတုသဘင်ကျင်းပတော့ ကျနော်တို့တတွေ ပင်းယဆောင်နဲ့ ပဲခူးဆောင်က သူငယ်ချင်းတွေဆီမှာ ညပေါင်းများစွာ အိပ်ဖြစ်ခဲ့ကြတယ်။အဆောင်အသီးသီးမှာ တီးဝိုင်းတိုက်နေကြတယ်။ စစ်အာဏာရှင်တွေကို ဆန့်ကျင်နေကြပေမယ့် ကံ့ကော်ရနံ့ သီချင်းသံတွေ၊ လတ်ဆတ်မှုနဲ့ရင်ခုန်ခြင်း အိပ်မက်တွေကြားမှာ ကျောင်းသားတွေ နုပျိုတက်ကြွနေကြတယ်။ ဒါပေမယ့် ရုတ်ချည်းဆိုသလိုပဲ တက္ကသိုလ်ဆောင်တွေပေါ်ကို ကျီးကန်းအုပ်တွေနဲ့ ငှက်ဆိုးတွေ ပျံဝဲလာခဲ့တယ်။
ဗိုလ်ချုပ်ခင်ညွှန့်က မျိုးဆက်ဟောင်း၊ မျိုးဆက်သစ်တွေရဲ့ ညနေစာ စားပွဲတွေကို ကျင်းပပြီး လက်ရှိကျောင်းတက်နေတဲ့ ကျောင်းသူကျောင်းသားတွေနဲ့ ညနေစာလာစားလေ့ရှိတယ်။ သူက စစ်ကိုင်းဆောင် ကျောင်းသားဟောင်းလို့ ဆိုတယ်။ ဟုတ်သလားမသိပါဘူး။ သူတို့မှာ လံကြုတ်ဇာတ်လမ်းတွေကလည်း အများသားဆိုတော့ မြစ်ထဲရေရှိတယ် ပြောရင်တောင်မှ ပြေးကြည့်ရအုံးမှာ။ ကားပေါ်ကနေ ဆင်းလာတဲ့ သူ့ရဲ့ပုံ ကို ကြည့်ရတာ ကိုယ့်ဘာသာ ယုံကြည်မှု အပြည့်ရှိနေတဲ့ပုံပဲ။ ကျောင်းသားတွေက သူ့ကို မျက်စောင်းထိုးကြည့်နေလည်း သူကပြုံးပြီး လက်ပြနှုတ်ဆက်တယ်။ (သတင်းမှတ်တမ်း ကင်မရာတွေက ရိုက်နေတော့ သေချာလုပ်တာနေမှာပေါ့လေ)
သူတို့ကလည်း သေချာပေါက် တွက်ထားပုံရတယ်။ ဒီမျိုးဆက်ပြီးရင် တက္ကသိုလ်ကျောင်းသားတွေကို သူတို့ပြန်ထိန်းချုပ်လို့ရပြီလို့။ ထင်နေတယ်။ မကြာဘူး။ ၁၉၉၆ ကျောင်းသားလှုပ်ရှားမှုထဖြစ်တော့တယ်။ ၁၉၉၆ ဒီဇင်ဘာ (၃၁) သတင်းစာရှင်းလင်းပွဲမှာ မျက်နှာတခုလုံးမဲပြီး စိတ်ပျက်ဒေါသထွက်နေတဲ့သူ့ပုံကို ကြည့်ပြီး ကျောင်းသားတွေ သဘောကျခဲ့ကြတယ်။သြော် ခုတော့လည်း ရွာကဘုရားဖူးလာတဲ့အဘ အပူရှပ်ပြီး ရှောင်တခင်ခင်ဖြစ်နေတုံး၊ အာဏာပိုင်တွေက ခေါ်ယူမေးမြန်းခံရတဲ့အဖြစ်လို ဖြစ်နေတော့တယ်။
(ဖြစ်နိုင်တာကတော့ အတိုက်အခံတွေအပေါ် ဘယ်လိုမာယာသုံးပြီး ဖြိုခွဲသင့်သလဲ သွားမေးတာနဲ့တူပါတယ်။ ဗိုလ်ချုပ်ခင်ညွှန့်ကို မာယာညွှန့် အဖြစ်လူသိများတာမို့လား)
မြန်မာပြည်မှာ ညအချိန်မတော် ငှက်ဆိုးထိုးသံလို ရောက်လာပြီး ခြိမ်းခြောက်နှိပ်စက်ခံရမှုမျိုးစုံနဲ့ မိသားစုတွေ ဖရိုဖရဲ ဘဝပျက်ခဲ့ကြတယ်။ စစ်ကြောရေးစခန်းတွေမှာ လူမဆန်တဲ့ နှိပ်စက်နည်းပေါင်းစုံနဲ့ နိုင်ငံရေးလုပ်သူတွေကို ဘဝတွေ ကျိုးကြေစုတ်ပြတ်သွားအောင် အဓိက ကျူးလွန်ခဲ့သူတွေက စစ်ထောက်လှမ်းရေးတွေပါပဲ။ သူတို့ကို ခွင့်လွှတ်စိတ်နဲ့ တွေးကြည့်ဖို့ဆိုတာ တော်တော်လေးကို ခက်တဲ့ကိစ္စပဲ။ တခုတော့ရှိတယ်။ အာဏာပြိုင်ဆိုင်မှုမှာ ရှုံးနိမ့်ထွက်ပြေးခဲ့ရတဲ့ စစ်ထောက်လှမ်းရေးဟောင်းတွေ က ဗိုလ်ချုပ်သန်းရွှေနဲ့ အမာခံလူတွေကို လုပ်ကြံသတ်ဖြတ်ပြနိုင်မယ်ဆိုရင်တော့ ပြည်သူတွေက နားလည်ခွင့်လွှတ်ပေးနိုင်ပါတယ်။ကဲ စစ်ထောက်လှမ်းရေးဟောင်းများ ဘယ်လိုလဲ။ တချိန်တုန်းက လျှမ်းလျှမ်းတောက်ခဲ့တဲ့ ခေါင်းဆောင်တယောက်အတွက် ပြန်လည်ခံစားမှုသီချင်းတွေ အောက်မေ့ရင်း ဘဝသစ်တခုကို လိပ်ပြာသန့်သန့် တွယ်ဖက်စေချင်ပါတယ်။