Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image

၂၀၁၁ မြန်မာပြည်

  • Thursday, December 16, 2010
  • .
  • အကြောင်းအရာ >
  • ၂၀၁၀ ကုန်လို့ နှစ်သစ်ကူး တော့မှာမို့ လာမယ့်နှစ်ဟာ မြန်မာပြည် အတွက် ဒီနှစ်နဲ့ ပြီးခဲ့တဲ့ နှစ်တွေနဲ့ မတူတဲ့ ထူးထူးခြားခြား နှစ်ဖြစ်လေမလား စဉ်းစား ကြည့်ကြရအောင်။ အနာဂတ်ကို အတိအကျ ကြိုတင်ဟောကိန်းထုတ်ဖို့ ခက်နိုင်ပေမယ့် မြန်မာ့သမိုင်းနဲ့ ဒီနှစ်ဖြစ်ခဲ့တာတွေအပေါ် မူတည်ပြီး ရှေ့နှစ်မှာ ဖြစ်နိုင်တာတချို့ကိုတော့ ကျနော်တို့ ခန့်မှန်းနိုင်ပါလိမ့်မယ်။

    ဇန်နဝါရီ ။ ။ မြန်မာပြည်ဟာ ဇန်နဝါရီ ၄ လွတ်လပ်ရေးနေ့ အခမ်းအနားနဲ့အတူ နှစ်သစ်ကို နှုတ်ဆက်လေ့ရှိတယ်။ ဒီနှစ်ဆိုရင် နိုင်ငံ လွတ်လပ်ရေးရခဲ့တာ ၆၃ နှစ်ပြည့်ပြီ။ ဒါပေမယ့် ၁၉၆၂ ကစလို့ စစ်တပ်က အာဏာသိမ်းခဲ့တာမို့ ပြည်သူလူထုဟာ ဆိုရှယ်လစ်အစိုးရနဲ့ စစ်အစိုးရအဆက်ဆက်ရဲ့ ဖိနှိပ်မှုဒဏ်ကို ခံခဲ့ရတာ အခုဆိုရင် ဆယ်စုနှစ်နဲ့ ချီနေပြီဖြစ်တယ်။

    ဒီလထဲမှာ နိုင်ငံရေးအရ လှုပ်လှုပ်ရှားရှားရှိမှုတွေ ဖြစ်နိုင်ခြေနည်းတယ်။ ဒါပေမယ့် စစ်အစိုးရကတော့ သူတို့ရဲ့ အဆင့် ၇ ဆင့်ပါ လမ်းပြမြေပုံကို အဆုံးသတ်ဖို့ အစီအစဉ်တွေ ဆွဲလိမ့်မယ်။

    “ယခုအခါ နိုင်ငံတော်အာဏာကို ပြည်သူ့ထံသို့ ပြန်လည်အပ်နှင်းရေး ကျန်ရှိနေသော လုပ်ငန်းစဉ်နှစ်ရပ် (လွှတ်တော် အစည်းအဝေးများ ခေါ်ယူခြင်းနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ခြင်း) ကို ဖော်ဆောင်ရန် ပြင်ဆင်လျက်ရှိပေသည်” လို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဒီဇင်ဘာလ ၁ ရက်နေ့ အမျိုးသားနေ့ သဝဏ်လွှာထဲမှာ ထည့်သွင်းပြောသွားခဲ့ပါတယ်။

    ဖေဖော်ဝါရီ ။ ။ တကယ်လို့ ဗိုလ်ချုပ်ကြီးတွေက အစိုးရသစ်ကို စိတ်ချလက်ချနဲ့ အာဏာလွှဲပေးနိုင်ပြီလို့ ယူဆရင် ဒီလဟာ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) အတွက် နောက်ဆုံးလ ဖြစ်နိုင်တယ်။ ရွေးကောက်ပွဲ ကျင်းပအပြီး ရက်ပေါင်း ၉၀ အတွင်း လွှတ်တော်ခေါ်ရမယ်လို့ ၂၀၀၈ ဖွဲ့စည်းပုံမှာ ဆိုထားတာကိုး။ ဖေဖော်ဝါရီလ ၅ ရက်နေ့ဟာ နိုဝင်ဘာ ၇ ရွေးကောက်ပွဲမှာ အရွေးချယ်ခံရတဲ့ ကိုယ်စားလှယ်တွေနဲ့ ပထမဆုံး လွှတ်တော် အစည်းအဝေး ကျင်းပရမယ့်ရက် ဖြစ်တယ်။ ပြီးတော့ အစိုးရအသစ်ဖွဲ့ပြီး နိုင်ငံတော် သမ္မတနဲ့ ဒုသမ္မတနှစ်ဦးကို ရွေးချယ်ရမှာလည်းဖြစ်တယ်။

    အစိုးရသစ်ဖွဲ့ပြီးချိန်မှာ နအဖရဲ့ အခန်းကဏ္ဍဟာ အဆုံးသတ်သွားပြီဖြစ်တယ်။ ဒီလိုပြောလို့ မြန်မာပြည်သူတွေ စစ်အုပ်ချုပ်ရေး အောက်က လွတ်သွားပြီလို့ ယူဆနိုင်သလား မေးနိုင်တယ်။ မဟုတ်ဘူး။ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ စစ်အစိုးရရဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) အနိုင်ရခဲ့တာကို အားလုံးအသိပဲ။ ဒီတော့ အဖြေက ရှင်းနေတယ်။

    ဖေဖော်ဝါရီမှာ စစ်အစိုးရနဲ့ အတိုက်အခံ အင်အားစုတွေအကြား ထိပ်တိုက်ရင်ဆိုင်မှုတွေ စဖြစ်လာလေမလား။ ရွေးကောက်ပွဲ မကျင်းပခင်လေးမှာပဲ ထင်ရှားတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ နိုင်ငံရေးသမားတချို့က အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ဒုတိယ ပင်လုံညီလာခံခေါ်ဖို့ အဆိုပြုခဲ့ကြတယ်။ ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာ ၁၃ ရက်နေ့မှာ အကျယ်ချုပ်ကနေ လွတ်လာပြီး မကြာခင်မှာလည်း ဝါရင့်နိုင်ငံရေးသမားကြီးတွေနဲ့ တိုင်းရင်းသားခေါင်းဆောင် စုစုပေါင်း ၁၀၉ ဦးက ဒီညီလာခံ ပေါ်ပေါက်လာဖို့အရေး ဦးဆောင်ကြိုးပမ်းဖို့ သူ့ကို တာဝန်ပေးခဲ့ကြပြန်တယ်။ ညီလာခံကို ၆၄ နှစ်မြောက် ပြည်ထောင်စုနေ့ဖြစ်တဲ့ ဖေဖော်ဝါရီလ ၁၂ မှာ ကျင်းပနိုင်တယ်လို့ ကြားရတယ်။

    ဒုတိယ ပင်လုံညီလာခံဆိုတာက အိုင်ဒီယာအနေနဲ့ ကောင်းတယ်၊ ဒါပေမယ့် လောလောဆယ်တော့ လက်တွေ့မကျဘူးလို့ ပြောရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါက စစ်အစိုးရနဲ့ အတိုက်အခံ အင်အားစုတွေကြားမှာ တိုက်ရိုက် ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်လာနိုင်လို့ပဲ။ ဒီကိစ္စသာ တကယ် ဖြစ်လာတယ်ဆိုရင် စစ်အစိုးရက အတိုက်အခံနဲ့ တိုင်းရင်းသားအဖွဲ့တွေကို ခပ်ကြမ်းကြမ်း နှိပ်ကွပ်နိုင်တယ်။ ညီလာခံ ကျင်းပဖြစ်တယ်ဆိုရင် နိုင်ငံရေးအကျဉ်းသား အရေအတွက်က ၂၁၀၀ ကျော်ကနေ ထိုးတက်သွားလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း ပြန်လည် ထိန်းသိမ်းခံရနိုင်ဖွယ်ရှိတယ်။ သေချာတာက ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားခေါင်းဆောင်းတွေ ဒီလို ထိပ်တိုက် ရင်ဆိုင်မှုမျိုး အဖြစ်ခံမှာ မဟုတ်ဘူး။

    မတ် ။ ။ လွှတ်တော်ခေါ်ယူရာမှာ အားလုံး ချောချောမောမော ဖြစ်တယ်ဆိုရင် မြန်မာပြည်မှာ အစိုးရသစ် ဖွဲ့ပြီးလောက်ပြီ (လွှတ်တော်အစည်းအဝေး ကျင်းပပြီး ဘယ်အချိန်ကာလအတွင်းမှာ အစိုးရသစ် ဖွဲ့ရမယ်ဆိုတာမျိုး သတ်မှတ်ထားတာတော့ မရှိဘူး)။ အဲဒီအစိုးရသစ်က နိုင်ငံတော်အမည်ကို လက်ရှိ “ပြည်ထောင်စု မြန်မာနိုင်ငံတော်” ကနေ “ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်” လို့ တရားဝင် စတင် အသုံးပြုလိမ့်မယ်။

    အစိုးရသစ်ဆိုလို့ ဒီအစိုးရဟာ တကယ် အစိုးရသစ်ရော ဟုတ်ရဲ့လား။ ဒါကို သိနိုင်တဲ့အချက်တခုကတော့ လူ့အခွင့်အရေးနေ့ အခမ်းအနားတွေကို မတ်လ ၁၃ ရက်မှာ ကျင်းပကြတဲ့အချိန် ဖြစ်လိမ့်မယ်။ ဆိုရှယ်လစ်အစိုးရရဲ့ လုံခြုံရေးတပ်ဖွဲ့တွေ လက်ချက်နဲ့ ၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်မှာ ရန်ကုန် စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော် ကျဆုံးခဲ့ရတဲ့နေ့ကို ဒီမိုကရေစီ အင်အားစုတွေက မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ကျင်းပခဲ့ကြတာဖြစ်တယ်။ မြန်မာနိုင်ငံမှာတော့ ဒီနေ့ကို ဘယ်တော့မှ တရားဝင်ကျင်းပခွင့်ရတာ မဟုတ်ပါဘူး။

    အစိုးရသစ်ကတော့ မတ်လ ၂၇ ရက်နေ့မှာ တပ်မတော်နေ့ကို အင်အားအပြည့်နဲ့ ကျင်းပလိမ့်မယ်။ “အရပ်သား” အမည်ခံ အစိုးရသစ်ဟာ ပါလီမန်ထဲရောက်သွားတဲ့ ဗိုလ်ချုပ်ကြီးတွေနေရာကို အစားထိုးဝင်ရောက်လာတဲ့ ဗိုလ်ချုပ်ကြီးအသစ် တသိုက်နဲ့အတူ တပ်မတော်နေ့ အခမ်းအနားကို နေပြည်တော်မှာ ခြိမ့်ခြိမ့်သဲ ကျင်းပလိမ့်မယ်။

    ဧပြီ ။ ။ မြန်မာပြည်သူတွေ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ဆင်နွှဲကြလိမ့်ဦးမယ်။ ၂၀၁၀ သင်္ကြန် ရန်ကုန် ဗုံးကွဲမှုရဲ့ ကြေကွဲစရာဖြစ်ရပ်တွေကိုတော့ သူတို့ မေ့ကြဦးမှာ မဟုတ်ဘူး။ အကြမ်းဖက်သမားတွေရဲ့ လုပ်ရပ်လို့ စစ်အစိုးရက စွပ်စွဲခဲ့တဲ့ ဒီပေါက်ကွဲမှုတွေအတွင်းမှာ လူ ၂၀ ခန့် သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရခဲ့တာ ဖြစ်တယ်။ ဒီနှစ်မှာရော အလားတူ ဗုံးကွဲမှုတွေ ဖြစ်နိုင်သေးလားလို့မေးရင် သိပ်ဖြစ်နိုင်တာပေါ့လို့ ဖြေရလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ နယ်စပ်ဒေသမှာ စစ်အစိုးရတပ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား တင်းမာမှုဟာ တစတစ ပြင်းထန်လာပြီး အပေးအယူ အလျှော့အတင်း လုပ်ဖို့ သိပ်ကို ခက်တဲ့ အနေအထားမှာ ရှိနေလို့ပဲ။ စစ်အစိုးရနဲ့ အပစ်အခပ်ရပ်စဲထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံးဟာ စစ်အစိုးရ ထိန်းချုပ်မှုအောက်မှာရှိမယ့် နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ တောက်လျှောက် ဖိအားပေးခံနေရတာဖြစ်တယ်။ ပြီးခဲ့တဲ့လမှာ ထိုင်း-မြန်မာနယ်စပ် မြဝတီနဲ့ ဘုရားသုံးဆူမြို့တွေက စစ်အစိုးရရဲ့ ရှေ့တန်းစခန်းတွေကို ဗိုလ်မှူးကြီး စောလားပွယ် (နှုတ်ခမ်းမွေး) ဦးဆောင်တဲ့ ကရင် လက်နက်ကိုင် တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်။ နယ်စပ်ဒေသမှာ တိုက်ပွဲတွေ ကြိုကြားကြိုကြား ဆက်ဖြစ်နေတယ်။ ပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းနိုင်သရွေ့ အရပ်သားတွေကို ပစ်မှတ်ထားတဲ့ ဗုံးခွဲမှုတွေအပါအဝင် ဒီလို တိုက်ခိုက်မှုမျိုးတွေဟာ ဆက်ဖြစ်နေဦးမှာပဲ။

    မေ ။ ။ ဒီလကိုတော့ မြန်မာပြည်အတွက် ဝမ်းသာစရာရော ဒေါသဖြစ်စရာတွေကိုပါ ဆောင်ကျဉ်းပေးခဲ့တဲ့ လအဖြစ်နဲ့ ပြည်သူတွေ အမှတ်ရနေကြမှာပါ။ ၁၉၉၀ ခုနှစ် မေလ ၂၇ ရက်ဟာ မြန်မာပြည်ရဲ့ သမိုင်းဝင် ရွေးကောက်ပွဲနေ့ဖြစ်တယ်။ ဒီနေ့မှာ သန်းပေါင်းများစွာသော ပြည်သူတွေက သူတို့ကို ကိုယ်စားပြုမယ့်သူတွေကို ရွေးချယ်ခွင့်ရခဲ့ကြတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ရွေးကောက်ပွဲမှာ တပြည်လုံး အတိုင်းအတာနဲ့ အောင်ပွဲခံခဲ့တယ်။ ဒါပေမယ့် ရွေးကောက်ခံရတဲ့ ကိုယ်စားလှယ်တွေဟာ ဘယ်တုန်းကမှ အစိုးရဖွဲ့ခွင့် မရခဲ့ကြဘူး။ အခုတော့ စစ်အစိုးရရဲ့ ကြံ့ဖွံ့ပါတီက လွှတ်တော်အသစ်ကို ဦးစီးနေပြီ။

    ဒီလထဲမှာပဲဖြစ်ခဲ့တဲ့ ခါးသီးစရာ အဖြစ်အပျက်ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဲ့ထောက်ခံသူတွေ စစ်ကိုင်းတိုင်း ဒီပဲယင်းဒေသမှာ ချောင်းမြောင်း တိုက်ခိုက်ခံခဲ့ရတာဖြစ်တယ်။ စစ်အစိုးရ ကျောထောက်နောက်ခံပြု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (ကြံ့ဖွံ့အသင်း) ကနေ စည်းရုံးထားတဲ့ လူရမ်းကားတွေက ၂၀၀၃ ခုနှစ် မေလမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကားတန်းကို အသေအကြေ တိုက်ခိုက်ခဲ့ကြတာပါ။ ကြံ့ဖွံ့အသင်းဟာ ကြံ့ဖွံ့ပါတီရဲ့ မိခင်အဖွဲ့အစည်းဆိုတော့ ကြံ့ဖွံ့အသင်းရဲ့ ထိပ်တန်းခေါင်းဆောင်ဟောင်းတွေ ဦးဆောင်တဲ့ အခုအစိုးရသစ်က ဒေါ်အောင်စုကြည်ကို နိုင်ငံရေးနယ်ပယ်ကနေ ဖယ်ထုတ်နိုင်အောင် နောက်တကြိမ် ပူးပေါင်း လျှို့ဝှက်ကြံစည်မှု မလုပ်ဘူးလို့ ဘယ်သူ အာမခံနိုင်မလဲ။

    ဇွန် ။ ။ ၁၉၈၈ လူထုအုံကြွမှုမှာ တက်တက်ကြွကြွ ပါဝင်ခဲ့တဲ့ ကျောင်းသား ကျောင်းသူတွေအနေနဲ့ ဆန္ဒပြသူကို လုံထိန်းတွေက ရိုက်နှက်ဖမ်းဆီးခဲ့တဲ့ ဇွန် ၁၆ နဲ့ ၁၇ ကို ဘယ်တော့မှာ မေ့မှာမဟုတ်ဘူး။ အဲဒီနေ့တွေမှာ အပြားအများ ဒဏ်ရာရတဲ့အပြင် ရာနဲ့ချီတဲ့ ကျောင်းသား ကျောင်းသူတွေဟာလည်း ထောင်ထဲ အထည့်ခံခဲ့ကြရတာဖြစ်တယ်။

    ဇွန် ၁၉ မှာ ဒေါ်အောင်ဆန်းစုကြည်က သူရဲ့ ၆၆ နှစ်ပြည့် မွေးနေ့ကို ကျင်းပလိမ့်မယ်။

    ဒီနေရာမှာ အိပ်မက်လှလှ မက်ကြည့်ရအောင်။

    “တကယ်လို့များ ၁၉၉၀ ရွေးကောက်ပွဲအပြီးမှာ အနိုင်ရခဲ့တဲ့ ပါတီအနေနဲ့ အစိုးရဖွဲ့ခွင့်ရပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း အစိုးရထဲမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်ခွင့်ရခဲ့မယ်ဆိုရင် ဒီနေ့ မြန်မာပြည်အခြေအနေဟာ အရင်နဲ့ လုံးဝမတူဘဲ ပြောင်းလဲ နေလောက်ပြီ။ ဒီမိုကရေစီအစိုးရတရပ် အုပ်ချုပ်တဲ့ တိုင်းပြည်တပြည်ဟာ အနှစ်နှစ်ဆယ်ဆိုတဲ့ ကာလအတွင်းမှာ နိုင်ငံရေးအရ တည်ငြိမ်၊ စီးပွားရေးအရ ဖွံ့ဖြိုးပြီး ပညာရေး၊ နည်းပညာ စတဲ့ နယ်ပယ်တွေမှာလည်း တိုးတက်တဲ့ နိုင်ငံတခု ဖြစ်နိုင်တာကိုး။ အကျဉ်းထောင်တွေထဲမှာလည်း နိုင်ငံရေးအကျဉ်းသား တယောက်မှ မရှိတော့ဘူး။ ဒေသတွင်းမှာလည်း အဓိက အစိုးရခေါင်းဆောင် ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍက မြန်မာပြည်နဲ့ အာဆီယံ ဆက်ဆံရေးကို ပိုကောင်းမွန်စေမှာ အမှန်ပဲ။ အာဆီယံ ထိပ်သီးဆွေးနွေးပွဲတွေမှာလည်း ဒီမိုကရေစီ၊ လူအခွင့်အရေးနဲ့ တခြားရေးရာကိစ္စတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အသံတွေကို ကြားနေရလောက်ပြီ။ သူ့ သဘောထားအမြင်တွေက အာဆီယံနိုင်ငံတွေအတွက် ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေ အနည်းနဲ့အများ ရှိစေမှာလည်း ဖြစ်တယ်။”

    လက်တွေ့ အခြေအနေက အိပ်မက်ထဲကလို မဖြစ်ခဲ့ဘူးဆိုတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အစိုးရသစ်ရဲ့ ဖမ်းဆီး ထိန်းသိမ်းခံရတာကနေ ရှောင်နိုင်တယ်ဆိုရင် အနိမ့်ဆုံးအဆင့် သူရဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ မိတ်ဆွေတွေနဲ့အတူ သူမွေးနေ့ပွဲကို ဇွန်လ ၁၉ မှာ လွတ်လွတ်လပ်လပ် ကျင်းပနိုင်လိမ့်မယ်။

    ဇူလိုင် ။ ။ အာဏာရှင်ဟောင်း ဦးနေဝင်း လက်ချက်နဲ့ ၁၉၆၂ ဇူလိုင်လ ၇ ရက်နေ့မှာ ဖောက်ခွဲ ဖျက်ဆီး ခံလိုက်ရပြီးကတည်းက ဒီနေ့ထိ မြန်မာပြည်မှာ သမိုင်းဝင် ကျောင်းသားသမဂ္ဂ အဆောက်အအုံရယ်လို့ မရှိတော့ဘူး။ အစိုးရသစ် လက်ထက်မှာရော ကျောင်းသားတွေအနေနဲ့ ရန်ကုန်တက္ကသိုလ် ပရိဝုဏ်ထဲမှာ သမဂ္ဂအဆောက်အအုံ ပြန်တည်ဆောက်ခွင့် ရပါ့မလား။ ကျောင်းသားသမဂ္ဂ ဖွဲ့စည်းခွင့်နဲ့ စည်းရုံးလှုပ်ရှားခွင့် ရပါ့မလား။ ကိုလိုနီနယ်ချဲ့ကို တွန်းလှန်ချိန်ကစလို့ ကျောင်းသားသမဂ္ဂတွေဟာ မြန်မာပြည်ရဲ့ နိုင်ငံရေးလှုပ်ရှားမှုတိုင်းမှာ အမြဲတမ်း တပ်ဦးက ရှိခဲ့ကြတယ်။ ဒါကြောင့်မို့လည်း ဦးနေဝင်းအပါအဝင် စစ်ခေါင်းဆောင်တွေအားလုံးက ကျောင်းသားသမဂ္ဂတွေကို ပိတ်ပင်ခဲ့တာဖြစ်တယ်။ ဒါကြောင့် အစိုးရသစ်အနေနဲ့လည်း ခွင့်ပြုမှာ မဟုတ်တဲ့အပြင် ကျောင်းသားတွေရဲ့ လှုပ်ရှားမှုမှန်သမျှကို မျက်စိ ဒေါက်ထောက်ကြည့်သွားဦးမှာပဲ။

    ဇူလိုင် ၁၉ ဟာ ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အမျိုးသားခေါင်းဆောင် ၉ ဦး ကျဆုံးခဲ့တဲ့ မြန်မာပြည်ရဲ့ အာဇာနည်နေ့ဖြစ်တယ်။ သူတို့ ကျဆုံးခဲ့တာ နှစ်ပေါင်း ၆၀ ကျော်သွားပြီ။ တကယ်တမ်းပြောရရင် မြန်မာပြည်မှာ အာဇာနည်တွေ အများကြီးပဲ။ ကိုလိုနီအုပ်ချုပ်ရေး၊ အာဏာရှင်ဦးနေဝင်းရဲ့ ဆိုရှယ်လစ်အစိုးရနဲ့ စစ်အစိုးရ အဆက်ဆက်လက်အောက်မှာ တိုက်ပွဲဝင်ရင်း အသက်စွန့်သွားကြတဲ့၊ မိသားစုဝင်တွေ ဆုံးရှုံးသွားကြတဲ့ တခြား အာဇာနည်တွေ အများကြီးရှိတယ်။ တိုက်ပွဲက မပြီးသေးဘူးဆိုတော့ ၂၀၁၁ မှာလည်း အာဇာနည်တွေ ထပ်ပေါ်လာနိုင်သေးတယ်။

    သြဂုတ် ။ ။ ၈ လေးလုံးဟာ ၁၉၈၈ သြဂုတ်လ ၈ ရက်နေ့တုန်းက ထောင်နဲ့ချီတဲ့ ပြည်သူလူထုကို ပစ်ခတ်သတ်ဖြတ်ဖို့ စစ်သားတွေကို အမိန့်ပေးခဲ့တဲ့ ဗိုလ်ချုပ်ကြီးတွေကို ခြောက်လှန့်ဆဲဖြစ်တယ်။ ၂၃ နှစ် ကြာပေမယ့်လည်း ၈ လေးလုံးလို လူထုအုံကြွမှုမျိုး နောက်ထပ် ဖြစ်နိုင်ခြေအလားအလာ အမြဲတမ်း ရှိနေတုန်းပဲ။ ၈ လေးလုံးစိတ်ဓာတ်က လျော့နည်း ပျက်ပြယ်သွားသေးတာ မဟုတ်ဘူး။ ထောင်ထဲ မှာရှိနေတဲ့ နိုင်ငံရေးအကျဉ်းသား ၂၁၀၀ ကျော်ထဲက အတော်များများဟာ ၈၈ မျိုးဆက်တွေဖြစ်တယ်။ ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခံထားရတဲ့ အထင်ရှားဆုံး ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ဟာလည်း ၈၈ မျိုးဆက်ထဲက တယောက်ဖြစ်တယ်။ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်လာခြင်းဟာ မြန်မာပြည်အတွက် သိပ်ကိုအရေးပါတဲ့ အလှည့်အပြောင်းဖြစ်လိမ့်မယ်။ ဒါပေမယ့် သူတို့ဟာ အစိုးရအသစ်ရဲ့ အမြင်မှာ “ပြဿနာရှာသူများ” ဖြစ်တာမို့ သူတို့တတွေ ဒီလထဲမှာ လွတ်မလွတ်ဆိုတာကတော့ ၅၀-၅၀ ပဲ။ ဒီနှစ် စောစောပိုင်း လတွေမှာ နိုင်ငံရေးအကျဉ်းသားတချို့ လွတ်ကောင်း လွတ်လိမ့်မယ်။ ဒါပေမယ့် ၂၀၁၁ ကို နိုင်ငံရေးအကျဉ်းသားမရှိတဲ့ နှစ်လို့တော့ ဘယ်လိုမှ စိတ်ကူးကြည့်လို့ မရဘူး။

    စက်တင်ဘာ ။ ။ ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးကာလက ရန်ကုန်၊ စစ်တွေနဲ့ ပခုက္ကူ လမ်းမတွေပေါ်မှာ စွန်းခဲ့တဲ့ သွေးတွေ ဒါမှမဟုတ် သူတို့ ဘယ်လို ရိုက်နှက် ထောင်ချခံခဲ့ရတာတွေကို သံဃာတော်တွေ ဘယ်တော့မှ မေ့မှာမဟုတ်ဘူး။ သံဃာတော် အပါး ၂၅၀ ခန့်ဟာ အခုထိ နှစ်ရှည်ထောင်ဒဏ်တွေ ကျခံနေရဆဲဖြစ်တယ်။ ဦးဆောင် သံဃာတော်တွေထဲက တပါးဖြစ်တဲ့ အရှင် ဂမ္ဘီရဟာ ကလေးထောင်မှာ ထောင်ဒဏ် ၆၃ နှစ် ချခံထားရတယ်။ ဗုဒ္ဓရဲ့သားတော်တွေနဲ့ စစ်ဝတ်စုံဝတ်သူတွေအကြား စစ်ပွဲကတော့ ဆက်လက်တည်ရှိနေဦးမှာပဲ။

    မြန်မာ့သမိုင်းမှာ အရေးပါတဲ့ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ရက် နှစ်ရက်ရှိတယ်။ အဲ့ဒါတွေကတော့ ၁၉၆၂ မတ်လ ၂ ရက်နေ့နဲ့ ၁၉၈၈ စက်တင်ဘာလ ၁၈ ရက်နေ့တွေပဲဖြစ်တယ်။ ၁၉၈၈ အာဏာသိမ်းမှုက ၁၉၆၂ မှာ ဦးနေဝင်း အရပ်သားအစိုးရကနေ အာဏာသိမ်းခဲ့တာထက် ပိုပြီး သွေးထွက်သံယိုမှုများတယ်။ ၁၉၈၈ အာဏာသိမ်းမှုမှာ စစ်သားတွေက နိုင်ငံတဝှမ်း ဆန္ဒပြသူ ၃၀၀၀ ခန့်ကို သတ်ဖြတ်ခဲ့ပြီး ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေ ထောင်ထဲ အပို့ခံခဲ့ရတယ်။ ၁၉၈၈ ကလို အင်နဲ့အားနဲ့ အုံကြွမှုမဖြစ်ဘဲနဲ့တော့ ဒီလထဲမှာ စစ်တပ်က တတိယအကြိမ် အာဏာသိမ်းဖို့ ဖြစ်နိုင်ခြေ လုံးဝမရှိဘူး။

    အောက်တိုဘာ ။ ။ မြန်မာ့သမိုင်းမှာ ဒီလထဲဖြစ်ခဲ့တဲ့ ထူးထူးခြားခြား နိုင်ငံရေးဖြစ်စဉ်ရယ်လို့ မရှိဘူး။ ဒါပေမယ့် ၂၀၁၀ အောက်တိုဘာလမှာ ရခိုင်ပြည်နယ်ကို ဂီရိ ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့တယ်။ ကုလသမဂ္ဂရဲ့ စာရင်းအရ မုန်တိုင်းကြောင့် လူ ၄၅ ဦး သေးဆုံးပြီး ၂ သိန်းခန့် အတိဒုက္ခရောက်ခဲ့ရတယ်လို့ သိရတယ်။ ဂီရိနဲ့ ၂၀၀၈ မှာ တိုက်ခဲ့တဲ့ နာဂစ် ဆိုင်ကလုန်းမုန်တိုင်းတွေဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း မြန်မာပြည်မှာ ကြုံတွေ့ခဲ့ရတဲ့ အဆိုးဆုံး သဘာဝ ဘေးအန္တရာယ်တွေပဲ ဖြစ်တယ်။ မုန်တိုင်းကြောင့် ပြည်သူတွေ ဒုက္ခရောက်နေပေမယ့် မြန်မာစစ်အစိုးရက လျစ်လျူထားခဲ့တယ်၊ ဒါ့အပြင် ပြည်တွင်း ပြည်ပက ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ လုပ်သားတွေကို လွတ်လွတ်လပ်လပ် သွားလာပြီး အကူအညီပေးခွင့် မရအောင်နဲ့ အကူအညီတွေ နှောင့်နှေးအောင်လည်း လုပ်ခဲ့သေးတယ်။ ကမ္ဘာကြီးက ပူနွေးလာတာမို့ မြန်မာပြည်မှာ အလားတူ ဘေးအန္တရယ်တွေ ထပ်ပြီး ကျရောက်လာနိုင်တယ်။ ဒါပေမယ့် ဒီအစိုးရအသစ်အနေနဲ့ လူသားချင်းဆိုင်ရာကိစ္စတွေနဲ့ ပတ်သက်ပြီး မူဝါဒအသစ်ထားရှိမယ့် အရိပ်အယောင် မတွေ့ရဘူး။

    နိုဝင်ဘာ ။ ။ ဒီလက ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကနေ လွတ်လာတာ တနှစ်ပြည့်တဲ့လဖြစ်တယ်။ မေးစရာတွေ ဖြစ်လာနိုင်တာက လွတ်လာပြီးတုန်းက ပြောခဲ့သလိုမျိုး နိုင်ငံလုံးဆိုင်ရာ ကွန်ယက်တခုကို အောင်အောင်မြင်မြင်နဲ့ တည်ဆောက်ပြီးပြီလား။ ဒါမှမဟုတ် အကျယ်ချုပ် ပြန်ကျနေပြန်ပြီလား။ လူမှုမီဒီယာတွေဖြစ်တဲ့ တွစ်တာ (Twitter) နဲ့ ဖေ့စ်ဘုတ် (Facebook) တွေကိုသုံးပြီး ယဉ်ကျေးမှု-နိုင်ငံရေး ကွန်ရက်တခုကို ဖြန့်ကျက်နေပြီလား။ မြန်မာပြည်မှာ အင်တာနက် အသုံးပြုသူ ၄ သိန်းခန့်နဲ့ မိုဘိုင်းဖုန်းအလုံး ၁ သန်းခန့် ရှိတယ်လို့ သိရတယ်။ အင်တာနက်သုံးသူတွေနဲ့ မိုဘိုင်းဖုန်းရှိသူတွေဟာ အတွင်းအပြင် သတင်းဖြန့်ချိရာမှာ အထောက်အကူပြုတဲ့ အင်အားစုတရပ် ဖြစ်လာနိုင်တယ်။ စစ်အစိုးရက အင်တာနက်သုံးသူတွေနဲ့ မီဒီယာကို ကန့်သတ်ချုပ်ချယ်ထားပေမယ့်လည်း ဒီအစုအဖွဲ့ဟာ မြန်မာ့အရေးမှာ ပိုနှံ့စပ်ပြီး ထိထိရောက်ရောက် ပါဝင်နိုင်တဲ့သူတွေ၊ ဆိုက်ဘာ အတိုက်အခံတွေနဲ့ လူထုသတင်းထောက်တွေ ဖြစ်လာနိုင်တယ်။

    ဒီဇင်ဘာ ။ ။ “စံနှုန်း အပြောင်းအလဲ”၊ “အောက်ခြေကစပြီး ပြောင်းလဲမှုမျိုး” စတဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်လာပြီးနောက်မှာ ပြောခဲ့တဲ့ ဒီမိုကရေစီအခြေခံ စကားလုံးတွေအတိုင်း မြန်မာပြည်မှာ တိုးတက်မှုတစုံတရာ ရှိလာပြီလား ကျနော်တို့ သုံးသပ်ကြရပါလိမ့်မယ်။ အပြောင်းအလဲဖြစ်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ၂၀၁၁ ကို ကျနော်တို့ ချင်းနင်း ဝင်ရောက်ခဲ့ကြတာပါ။ တကယ်တမ်း အပြောင်းအလဲ နည်းနည်းဖြစ်တယ် ဆိုရင်တော့ တနှစ်အတွင်း ဘာတွေ ဖြစ်ခဲ့တယ်ဆိုတာကို ပြန်ကြည့်ပြီး ၂၀၁၂ မှာ ဘယ်လို ကောင်းမွန်တဲ့ အပြောင်းအလဲတွေ ဖြစ်လာမလဲဆိုတာကို ကျနော်တို့ မျှော်လင့်နိုင်ပါဦးမယ်။

    Burma's 2011: A Look Ahead by Kyaw Zwa Moe ကို ဆီလျော်အောင် ပြန်ဆို ဖော်ပြသည်။