Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image

ဂီရိမုန်တိုင်းသင့်ဒေသ ကလေးများ ပညာသင်ကြားရေး ခက်ခဲနေ

  • Thursday, December 9, 2010
  • .
  • အကြောင်းအရာ >

  • ရခိုင်ပြည်နယ် အတွင်းရှိ ဂီရိဆိုင်ကလုန်း လေဘေးဒဏ် ခံခဲ့ရသော မြို့နယ်များမှ ကျေးရွာတချို့၌ စာသင်ကျောင်းများ ပျက်စီးသွားခြင်း၊ စားဝတ်နေရေး ခက်ခဲနေခြင်းတို့ကြောင့် ကလေး အများစုမှာ ပညာဆက်လက် သင်ကြားရေး ခက်ခဲနေကြောင်း သိရသည်။
    after-Cyclone-Giri

    ဂီရိ ဆိုင်ကလုန်း မုန်တိုင်းဒဏ်သင့် ဒေသမှ ကလေးငယ်များ (ဓာတ်ပုံ - AP)

    “စာသင်ဖို့နေရာ အပြင် စာပြဖို့ ဆရာ၊ ဆရာမ ဆက်မငှား နိုင်ကြတော့ဘူး။ အတန်ကြီးတဲ့ ကလေး အများစုက ကျောင်း ထွက်ကြ ရလိမ့်မယ် ထင်တယ်” ဟု ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် မြေပုံမြို့ ဒေသခံ တဦးက ဧရာဝတီကို ပြောသည်။

    အစိုးရကျောင်း မဟုတ်ဘဲ ဒေသခံများ တည်ထောင် ဖွင့်လှစ် ထားသည့် တွဲဖက်ကျောင်းများမှာ လုံးဝပျက်စီး သွားခြင်းကြောင့် ပြန်လည် တည်ဆောက်နိုင်ရန် မလွယ်ကူ သေးကြောင်း၊ ထိုကျောင်းများတွင် သင်ကြားမည့် ဆရာ၊ ဆရာမ များကိုလည်း တနှစ်လျှင် ကျပ် ၃ သိန်းမှ ၄ သိန်းခွဲအထိ ပေးရသဖြင့် လက်ရှိတွင် ပြန်ငှားနိုင်ဖွယ် မရှိကြတော့ကြောင်းလည်း ၎င်းက ဆိုသည်။

    ဂီရိဆိုင်ကလုန်းဒဏ်သင့် ဒေသ၌ ကလေးထောင်ချီ၍ ကျောင်းရပ်နားထားရမည်ဟုလည်း သူက ဆက်ပြောသည်။ဂီရိဒေသများရှိ စာသင်ကျောင်းအများစုမှာ ကိုယ်ထူကိုယ်ထ ကျောင်းများဖြစ်ကြောင်း၊ ထို့ကြောင့် ပျက်စီးမှုများကို ကိုယ်ထူကိုယ်ထ စနစ်ဖြင့် လုပ်ဆောင်ရမည်ဟု ထင်ကြောင်း၊ အစိုးရက ပြင်ဆင်ရန် ညွှန်ကြားထားသည့် ကျောင်းတချို့မှာ အစိုးရ မူလတန်းကျောင်းနှင့် အစိုးရ အထက်တန်းကျောင်း တချို့သာဖြစ်ကြောင်း သိရသည်။

    ကျောက်ဖြူမြို့နယ် အတွင်းရှိ ကျေးရွာတချို့၌မူ တ၀က်တပျက် ပျက်စီးသွားသော ဘုန်းကြီးကျောင်းများတွင် စာသင်ကြား နိုင်ရန် ဆရာတော်များက စီစဉ်ပေးထားကြောင်း၊ ကလေးအများစုမှာ မိဘများ စားဝတ်နေရေး ခက်ခဲနေဆဲ ဖြစ်၍ ကျောင်း တက်ရန် အခက်အခဲရှိနေကြောင်း ကျောက်ဖြူဒေသ၌ ကူညီရေးလုပ်ငန်းများ ပါဝင် ဆောင်ရွက်ပေးနေသော ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှင်က ပြောသည်။

    “ပျက်စီးသွားတဲ့ တာတမံတွေ ပြုပြင်ဖို့ ထမင်းစားစရာက မရှိ၊ တာတမံတွေကို ပြန်မပြင်နိုင်ဘူးဆိုရင် လာမယ့်နှစ်မှာ ဆန်ရှားပါးမှုနဲ့ ရင်ဆိုင်ရမှာ သေချာတယ်” ဟု ဦးဘရှင်က ဆိုသည်။ဂီရိလေဘေးဒဏ် အများဆုံးခံခဲ့ရသော မြေပုံမြို့နယ်၏ ကျေးရွာအများစု၌ ရွက်ဖျင်တဲများထိုး၍ စာသင်ပေးနေရသော်လည်း
    အချိန်ပြည့် မသင်ရခြင်း၊ စာအုပ်များ မလုံလောက်ခြင်းတို့နှင့် ရင်ဆိုင်နေကြရကြောင်း ပြည့်ချောင်း ဒေသခံ တဦးက ပြောသည်။“မြေပုံမြို့နယ်က ယိုးချောင်းရွာမှာ ဒီနေ့အထိ လူတဦးကို ဆန်နို့ဆီ ၂ ဘူးပဲ ရသေးတယ်၊ ပြည့်ချောင်း အပါအ၀င် ရွာ ၁၃ ရွာမှာ အလယ်တန်းနဲ့ အထက်တန်းကျောင်း တကျောင်းမှ မရှိတော့ဘူး” ဟု အဆိုပါ ဒေသခံက ရှင်းပြသည်။

    ဂီရိမုန်တိုင်းတိုက်ခတ်ခဲ့သည်မှာ ၂ လ နီးပါး ရှိသည့်တိုင် လေဘေးဒုက္ခသည်များသည် စားရေရိက္ခာ အခက်အခဲရှိနေဆဲ ဖြစ်ကြောင်း ဒေသခံများ၏ အပြောအရ သိရသည်။ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ၏ အတွင်းရေးမှူး၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဦးအေးသာအောင် ကလည်း “မြေပုံမြို့နယ်က ကြက်မူတောင်ကျွန်းနဲ့ မြန်တော်မူကျွန်းဆိုတဲ့ ရွာ ၂ ရွာကို ဒီနေ့အထိ ဘာ ကယ်ဆယ်ရေးမှ မရောက်သေးဘူး၊ ရွာတွေကလည်း လုံးဝ ပျက်စီးသွားတယ်လို့ သိရတယ်” ဟု ပြောသည်။ကယ်ဆယ်ရေး ပစ္စည်းများ လုံးဝမရရှိခြင်း အကြောင်းမှာ ထိုရွာ ၂ ရွာသည် ကျေးရွာစာရင်း အမည်မပေါက်သေး၍ သက်ဆိုင်ရာက အသိအမှတ်မပြုသေးခြင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း တို့ကြောင့် ဖြစ်သည်ဟု သိရသည်။

    ဦးအေးသာအောင်သည် ပြီးခဲ့သည့် နိုဝင်ဘာလကလည်း ဂီရိဒေသများသို့ ကိုယ်တိုင်သွားရောက်ကာ အစားအစာ၊ ဆေးဝါးနှင့် စာသင်ကျောင်း တချို့အတွက် သွပ်ပြားများ သွားရောက်လှူဒါန်းခဲ့ပြီး မကြာမီရက်ပိုင်း တွင် ထပ်မံသွားရန် ပြင်ဆင်နေသည်ဟု ပြောသည်။ပြန်လည်ထူထောင်ရေး လုပ်ငန်းသည် ကြီးမားနေ၍ နိုင်ငံတကာ အကူအညီများရရေး လုပ်ဆောင်နေကြောင်းလည်း ၎င်းက ဆိုသည်။မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အဖွဲ့ဝင် များကလည်း လေဘေးဒုက္ခသည်များအတွက် ကျပ် ၃၉ သိန်းကို ပြီးခဲ့သည့် ရက်ပိုင်းက ဒေသခံ NLD အဖွဲ့ဝင်များမှ တဆင့်လှူဒါန်းခဲ့သည်။

    အောက်တိုဘာလ ၂၂ ရက်နေ့တွင် တနာရီ မိုင် ၁၂၀ ၀န်းကျင်ဖြင့် တိုက်ခတ်ခဲ့သော ဂီရိဆိုင်ကလုန်း မုန်တိုင်းကြောင့် မြေပုံ၊ မင်းပြား၊ ကျောက်ဖြူ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ မာန်အောင်၊ ရမ်းဗြဲ၊ စစ်တွေ စသည့်မြို့နယ်များ၌ ပျက်စီးဆုံးရှုံးမှု ပမာဏ ကြီးမားခဲ့သည့် အပြင် လူပေါင်း ၂ သိန်း ၆ သောင်းကျော် အိုးအိမ်မဲ့ ဖြစ်ခဲ့ပြီး လူ ၁၀၀ ကျော်သေဆုံးခဲ့သည်ဟု စာရင်းများအရ သိရသည်။ထိုဒေသများအနက် ကျောက်ဖြူ၊ မြေပုံ၊ မင်းပြား၊ ပေါက်တော မြို့နယ်တို့သည် အများဆုံး ထိခိုက်ခဲ့ပြီး ပြန်လည် ထူထောင်ရေး လုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ ၅၃ သန်း (ကျပ်သန်း ၅၃၀၀၀ ခန့်) လိုအပ်လျက်ရှိကာ လက်ရှိတွင် ဒေါ်လာ ၁၈ သန်း (ကျပ် သန်း ၁၈၀၀၀) သာ ရရှိသေးကြောင်း ကမ္ဘာ့ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး ကွပ်ကဲမှုရုံး (UNOCHA) ၏ နိုဝင်ဘာလ ၂၃ ရက်နေ့ထုတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။


    မူရင်း ... http://www.irrawaddy.org/bur/index.php/news/5184-2010-12-09-07-19-21