ပြည်တွင်း လုပ်ငန်းသုံးနှင့် စက်ရုံသုံး စက်သုံးဆီများအား ပင်လယ် ရေကြောင်းမှ တင်သွင်းမှု မြင့်မားနေပြီး နိုဝင်ဘာလ ၈ ရက်နေ့မှ ၁၄ ရက်နေ့အတွင်း ဒီဇယ်ပီပါ ၃၂၀၀၀၀ ကျော် တန်ချိန်အားဖြင့် ၄၃၀၀၀ ကျော် တင်သွင်းခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ရရှိသော သတင်းများအရ သိရှိရသည်။ယင်းကဲ့သို့ အ၀င်များနေခြင်းမှာ ပြည်တွင်းဈေးကွက်တွင် ဓာတ်ဆီ၊ ဒီဇယ်ဆီဈေးများ မြင့်တက်နေသောကြောင့် ဖြစ်ကြောင်း၊ အထူးသဖြင့် ဓာတ်ဆီဆိုင်များ ၀ယ်လိုအား အား အပြည့်အ၀ ထောက်ပံ့ပေးနိုင်မှု မရှိသည့်အပေါ် အပြင်ဆိုင်များမှ ဈေးတင်ရောင်းချနေမှုများ ရှိနေသောကြောင့် ဖြစ်နိုင်ကြောင်းလည်း သိရှိရသည်။
''အခုရက်ပိုင်း ဓာတ်ဆီဈေးတွေလည်း တက်နေတယ်။ ၀ယ်တဲ့လူတွေလည်း ၀ယ်ချင်သလောက် မရဘူး။ တန်းစီရင်လည်း အကြာကြီးစီနေရတော့ တချို့လည်း မစောင့်နိုင်တော့ အပြင်က ၀ယ်ကြတယ်။ ပြောတာက ကမ္ဘာ့ရေနံစိမ်း ဈေးတက်လို့ တက်တယ်လို့လည်း ပြောတယ်။ ဒါပေမယ့် ဒီဇယ်ဈေးကျတော့ မတက်ဘူး။ ဓာတ်ဆီဈေးမှာမှ လာတက်တယ်။ ဘာကြောင့်မှန်းတော့ မသိဘူး။ ဈေးကစားတာလည်း ဖြစ်နိုင်ပါတယ်''ဟု ကားပိုင်ရှင်တစ်ဦးက ပြောပြခဲ့သည်။
တင်သွင်းမှုများကို လေ့လာကြည့်ပါက ယခင် သီတင်းပတ်တွင် ဒီဇယ်အ၀င်တန်ချိန် ၁၇၀၀၀ ရှိခဲ့သောကြောင့် ယခုတစ်ပတ် တင်သွင်းမှုမှာ ယခင်တစ်ပတ် တင်သွင်းမှု၏ သုံးဆနီးပါး မြင့်တက်ခဲ့ကြောင်း သိရသည်။ ထို့အတူ နယ်စပ်လမ်းကြောင်း များမှလည်း တင်သွင်းမှု မြင့်တက်နေပြီး နိုဝင်ဘာလ ၁၀ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကာလအတွင်း တာချီလိတ်နယ်စပ်မှ ဓာတ်ဆီ ၇၅၂၅၀ ဂါလန်၊ အမေရိကန်ဒေါ်လာ ၁၃၈၉၀၅ ဖိုး တင်သွင်းခဲ့ပြီး ကန်ပိုက်တီး၊ တာချီ လိတ်နှင့် ကော့သောင်း နယ်စပ်များမှ ဒီဇယ်ဆီ ဂါလန် ၂၆၄၀၂၀၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၄၂၆၆၀၀ ကျော်ဖိုး တင်သွင်းခဲ့သည်။
ပြည်တွင်းဈေးကွက်တွင်မူ ယင်းကဲ့သို့ ဓာတ်ဆီ၊ ဒီဇယ်ဆီ တင်သွင်းမှု မြင့်တက်နေသောကြာင့် ပြည်ပပို့ကုန်မှရငွေ(earning) ဈေးလည်း အနည်းငယ် ပြန်တက်လာကြောင်း သိရှိရသည်။