ဥရောပလွှမ်းခြုံ ဒုံးခွင်းစနစ်အတွက် သဘောတူညီချက် ရရှိနိုင်ရေး ပူးပေါင်းဆောင်ရွက်မှု မအောင်မြင်ပါက လာမည့် ဆယ်စုနှစ်အတွင်း လက်နက်ပြိုင်သစ်တစ်ခု ဖြစ်ပေါ်လာနိုင်ကြောင်း ရုရှားသမ္မတ မက်ဗီဒက်က နိုဝင်ဘာ ၃၀ ရက်တွင် နိုင်ငံသို့ ပြော ကြားသော မိန့်ခွန်း၌ ထည့်သွင်း ပြောကြားခဲ့သည်။မက်ဗီဒက်က ရုရှားနိုင်ငံ၏ ရင်းမြစ်များကို နိုင်ငံတွင်းရှိ သက်တမ်းရင့် ဟောင်းနွမ်း စစ်လက်နက်ပစ္စည်းများ ပြုပြင် ထိန်းသိမ်းရေးတွင် အသုံးပြုနိုင်ရန်ထက် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်ရာတွင်သာ အသုံးပြုသွားရန် ဆန္ဒရှိနေကြောင်း သဘောထား ပြသခဲ့သည်။ အမေရိကန်နှင့် START သဘောတူညီချက်အသစ် မရရှိနိုင်သေးမှုကိုမူ မက်ဗီဒက်က ထည့်သွင်း မပြောကြားခဲ့ပေ။
ဥရောပလွှမ်းခြုံ ဒုံးခွင်းစနစ် သဘောတူညီချက် ဖြစ်ပေါ်လာပါက ၎င်းတို့၏ စည်းမျဉ်းများအတိုင်း လိုက်နာသွားမည် ဖြစ်သလို စစ်လက်နက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွင်လည်း အပြည့်အ၀ ပါဝင်မည် ဖြစ်ကြောင်း၊ သို့သော် သဘောတူညီချက် မရပါက လက်နက်အပြိုင်အဆိုင် တပ်ဆင်မှု ဖြစ်လာနိုင်ပြီး တိုက်ခိုက်နိုင်မည့် နည်းလမ်းသစ်များကို စဉ်းစားရတော့မည် ဖြစ်ကြောင်း မက်ဗီဒက်က ပြောကြားခဲ့သည်။ အကယ်၍ ယင်းဒုံးခွင်းစနစ်အတွက် သဘောတူညီချက် မရရှိခဲ့ပါက ရုရှားနိုင်ငံအတွက် အဆိုးရွားဆုံး ဖြစ်လာနိုင်မည် ဖြစ်ကြောင်း ရုရှားသိပ္ပံ အကယ်ဒမီမှ နိုင်ငံရေး လေ့လာသုံးသပ်သူ Irina Kobrinskaya က ပြောကြားခဲ့ပြီး ရုရှားနိုင်ငံသည် လက်နက်ပြိုင်ပွဲသစ်အတွက် ဘဏ္ဍာရေး တောင့်တင်းမှု မခိုင်မာသေးကြောင်း ထောက်ပြပြောဆိုခဲ့သည်။
ပြီးခဲ့သည့် ငါးနှစ်အတွင်း ရုရှား မဟာဗျူဟာမြောက် ဒုံးကျည်တပ်မှ အလုပ်အကိုင် ၂၀၀၀၀ ကျော် လျော့ချခဲ့ကြောင်း ယင်းတပ်မှူးက နိုဝင်ဘာ ၃၀ ရက်တွင် ပြောကြားခဲ့သည်။ ရုရှား ဒုံးကျည်များကို နေတိုးအဖွဲ့ဝင် နိုင်ငံများအနီး ရွှေ့ပြောင်းနေသည်ဟူသော ဝေါစထရိဂျာနယ် အစီရင်ခံစာကိုမူ ရုရှားစစ်ဦးစီးချုပ် နီကိုလိုင်မာကာရိုဗ်က ငြင်းဆိုခဲ့သည်။နေတိုးအဖွဲ့ဝင်များဖြစ်သော ပိုလန်နှင့် လစ်သူရေးနီးယားကြားရှိ ရုရှားပိုင် ကာလင်နင်ဂရက်ဒ် ဒေသတွင် မည်သည့်ဒုံးကျည်မှ တပ်စွဲထားခြင်း မရှိကြောင်း မာကာရိုဗ်က ပြောကြားခဲ့သည်။ မက်ဗီဒက်၏ မိန့်ခွန်းသည် တတိယအကြိမ်မြောက် နိုင်ငံမိန့်ခွန်း ဖြစ်ပြီး လွှတ်တော်နှင့် ဒေသဆိုင်ရာ ခေါင်းဆောင်များကို ပြောကြားခဲ့ခြင်း ဖြစ်သည်။