Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image

လယ်သိမ်းခံရမှု ဦးဆောင်တရားစွဲသူကို ဖမ်းဝရမ်းထုတ်

  • Saturday, January 22, 2011
  • .
  • အကြောင်းအရာ >

  • ကချင်ပြည်နယ် ဟူးကောင်း ဒေသတွင် ဒေသခံများ၏ လယ်မြေများကို အဓမ္မသိမ်းယူခဲ့သည့် အမှုနှင့် ပတ်သက် ပြီး ဦးဆောင် တရားစွဲဆိုခဲ့သည့် ဒေါ်ဘောက်ဂျာကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) ၏ ညွှန်ကြားချက်ဖြင့် ဖမ်းဝရမ်း ထုတ်ထားကြောင်း သိရသည်။

    ndf-kachin

    မြစ်ကြီးနားမြို့နယ် အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ရုံးရှေ့တွင် ဒေါ်ဘောက်ဂျာကို ဒေသခံ NDF ခေါင်းဆောင် များနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ - ကချင်သတင်းစဉ်)

    မြေသိမ်းမှုများကို ယုဇနကုမ္ပဏီမှ ပြုလုပ်ခဲ့ပြီး ပိုင်ရှင်ဖြစ်သူ ဦးဌေးမြင့်သည် စစ်အစိုးရနှင့် နီးစပ်သူ စီးပွားရေးလုပ်ငန်းရှင် တဦး အဖြစ် လူသိများကာ စစ်အစိုးရ၏ ကျောထောက် နောက်ခံ ပါတီဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ (ကြံ့ဖွံ့ပါတီ) ၏ ကိုယ်စားလှယ် တဦးလည်းဖြစ်သည်။

    ကချင်သတင်းဌာန၏ အယ်ဒီတာဖြစ်သူ ကိုနော်ဒင်းက ဒေါ်ဘောက်ဂျာကို ဖမ်းဆီး ရန်အတွက် မပခ တိုင်းမှူး ဗိုလ်မှူးချုပ် ဇေယျာအောင်က ပြီးခဲ့သည့် တနင်္လာနေ့တွင် အာဏာပိုင်များအား ညွှန်ကြားလိုက်ကြောင်း ပြောဆိုသည်။

    ကိုနော်ဒင်းက “ဒေါ်ဘောက်ဂျာရဲ့ အမျိုးတွေကို ဆက်သွယ်စုံစမ်းကြည့်တဲ့အခါမှာ မြေသိမ်းတဲ့ အမှုတွေမှာ ဒေသခံတွေကို ဦးဆောင်ပြီး တရားပြန်စွဲတဲ့အတွက် အခုလို ဖမ်းဝရမ်းထုတ်တယ်လို့ သိရပါတယ်။ ယုဇန ကုမ္ပဏီက မြေသိမ်းလိုက်တယ် ဆိုတာက အစိုးရ စီမံကိန်းလို ဖြစ်နေတာလေ။ အခုလောလောဆယ်တော့ ဒေါ်ဘောက်ဂျာလည်း တိမ်းရှောင်နေတယ်” ဟု ဆိုသည်။ ဗိုလ်မှူးချုပ် ဇေယျာအောင်က ဒေါ်ဘောက်ဂျာကို ဖမ်းဆီးရန် ညွှန်ကြားပြီး နောက်တနေ့တွင် ကချင်ပြည်နယ် ရဲတပ်ဖွဲ့ဝင်များက သုံးဖွဲ့ခွဲကာ ဖားကန့်၊ တနိုင်း နှင့် မိုးညှင်းမြို့နယ်များရှိ ဒေါ်ဘောက်ဂျာ ရှိနိုင်မည့် နေရာများကို ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ကိုနော်ဒင်းက ပြောသည်။

    ဒေါ်ဘောက်ဂျာ ကမူ ၎င်းအား အာဏာပိုင်များက မည်သည့်အတွက်ကြောင့် ဖမ်းဆီးမည်ကို မသိရှိကြောင်း၊ သို့သော် ၎င်း ရှိနိုင်သည့် နေရာများသို့ အာဏာပိုင်အဖွဲ့များက ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်နေသည်မှာ ၃၊ ၄ ရက်ခန့် ရှိနေပြီ ဖြစ်ကြောင်း၊ ၎င်းအား ဖမ်းဆီးမည့် အကြောင်းအရာကို စုံစမ်းပြီး အာဏာပိုင်များကို ရင်ဆိုင်သွားမည်ဖြစ်ကြောင်း ဘီဘီစီ သတင်းဌာနသို့ ပြောဆိုခဲ့သည်။ ဟူးကောင်းဒေသမှ မြေယာများကို ၂၀၀၇ ခုနှစ်တွင် စတင်သိမ်းယူခဲ့ပြီး ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်ဒေသရှိ ကျေးရွာများမှ မြေဧကပေါင်း ၁၃၀၀ ကျော်ကို မြေပိုင်ရှင် ၆၀၀ ကျော်ထံမှ သိမ်းယူခဲ့သည်။

    အစိုးရ စိုက်ပျိုးရေး စီမံကိန်း များအတွက် သိမ်းယူခြင်း ဖြစ်သည်ဟု မြေပိုင်ရှင်တဦးက ဆိုသည်။ နစ်နာကြေး အနေဖြင့် ဒေသခံများ စိုက်ပျိုးရန်မြေယာများ အစားပြန်ပေးသော်လည်း ၎င်းတို့ ပြန်ပေးသည့် မြေများမှာ စိုက်ပျိုးရေး ပြုလုပ်ရန် လုံးဝမဖြစ်နိုင်သည့် မြေအမျိုးအစားများသာ ဖြစ်သဖြင့် ဒေသခံများအတွက် များစွာအခက်အခဲ ဖြစ်ရကြောင်း ၎င်းက ပြောသည်။ မြေသိမ်းခံရသူ ၆၀၀ ကျော်အနက်မှ ၂၁၄ ဦးတို့သည်
    အုပ်စု သုံးစုခွဲကာ ယုဇန ကုမ္ပဏီအား ပြီးခဲ့သည့် ဇူလိုင်လမှ စတင်ပြီး တရားစွဲခဲ့သည်။ မြေစတင်သိမ်းသည့်နှစ်မှ ယနေ့အချိန်ထိ ၎င်းတို့မြေဆုံးရှုံးသဖြင့် ဒေသခံများက ကျပ်သိန်း ပေါင်း ၉၈၀၀ နစ်နာသည်ဟု ဆိုကာ အဆိုပါနစ်နာကြေးကို ယုဇန ကုမ္ပဏီထံသို့ တရားရုံးမှတဆင့် တောင်းဆိုခဲ့ကြ ကြောင်း သိရသည်။

    ယခုလ ၇ ရက်နေ့တွင် မြေသိမ်းခံ လယ်သမားများအား လယ်တဧကလျှင် ကျပ် ၈ သောင်း၊ ယာတဧက ကျပ် ၆ သောင်း၊ ဥယျာဉ်ခြံမြေ တဧက ၃ သောင်းနှင့် နေအိမ်တအိမ် ၁ သိန်းခွဲနှုန်းဖြင့် အစိုးရ၏ သတ်မှတ် နှုန်းထား
    များအတိုင်း ယုဇန ကုမ္ပဏီမှ ပေးချေရန် ကချင်ပြည်နယ် တရားရုံးက အမိန့်ချခဲ့ပြီး ယင်းဈေးနှုန်းကို မကျေနပ်သည့် မြေပိုင်ရှင်များက ထပ်မံ တရားစွဲဆိုခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ဥပဒေအတိုင်ပင်ခံဖြစ်သူ ရှေ့နေကြီး ဦးအောင်သိန်းကမူ ဥပဒေအရ တစုံ တယောက်အား ဖမ်းဆီးရန် အတွက် စစ်တပ်ဘက်မှ ဝရမ်းထုတ်ပိုင်ခွင့်မရှိကြောင်း၊ မပခ နှင့် တိုင်းမှူးဖြစ်သူ ဗိုလ်မှူးချုပ် ဇေယျာအောင် တို့သည် ၎င်းတို့နှင့် မဆိုင်သည့် အလုပ်များကို လုပ်နေခြင်းဖြစ်ကြောင်း ဦးအောင်သိန်းက ပြောသည်။

    မြစ်ဆုံရေကာတာ စီမံကိန်းကို ကန့်ကွက်သည့် လှုပ်ရှားဆောင်ရွက်မှုများတွင် ဒေါ်ဘောက်ဂျာ ပါဝင် နေခြင်းကလည်း အာဏာပိုင်များ အနေဖြင့် ဖမ်းဆီးရန် အကြောင်းပြချက် တခုဖြစ်သည်ဟု ကိုနော်ဒင်းက ပြောဆိုသည်။ ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ဒေါ်ဘောက်ဂျာသည် အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ကို ကိုယ်စားပြုပြီး ဖားကန့်မြို့နယ် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ကြံ့ဖွံ့ပါတီ၏ ကိုယ်စားလှယ် စစ်ဗိုလ်ချုပ်ဟောင်း ဦးအုန်းမြင့်ကို ရှုံးနိမ့်ခဲ့သည်။

    http://www.bur.irrawaddy.org/