Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image Demo image

'ရိုးသားမှုဆိုတဲ့ ဂုဏ်ကိုမြတ်နိုးသလို အဲဒီဂုဏ်လေးကို တစ်သက်လုံး တန်ဖိုးထား ထိန်းသိမ်းသွားမှာပါ' စိုးပြည့်သဇင်နှင့် တွေ့ဆုံခြင်း

  • Thursday, December 2, 2010
  • .
  • အကြောင်းအရာ >
  • e3362

    မေး - အိမ်ဖော်မလေး ဇာတ်ကားက ပရိသတ်ကြားထဲမှာ ပေါက်နေတယ်နော်။ အဲဒီကားရိုက်ကူးခဲ့တဲ့ အတွေ့အကြုံလေးတွေကိုလည်း ပြောပြပါဦး။

    ဖြေ - အဲဒီကားက ဒါရိုက်တာ ဦးမျိုးမင်းနဲ့ ပထမဆုံးဆုံတဲ့ ကားပေါ့နော်။ မရိုက်ခင် စိုးပြည့်ကို ဇာတ်ပေးကတည်းက စိုးပြည့်အတွက် လုပ်ကွက်ရသလို ဇာတ်လေးကလည်း ကောင်းပါတယ်။ ဒါကြောင့်စိုးပြည့် သေချာလေးကို ပြင်ဆင်ပြီးရိုက်ခဲ့တာပါ။ ဦးမျိုးကလည်း သေချာကို သင်ပေးခဲ့ပါတယ်။ ဦးမျိုးက ဘာလိုချင်သလဲဆိုတော့ အပြင်မှာ ရှိနေတဲ့နဂိုပုံစံမျိုးလေးကိုပဲ ပေါ့ပေါ့ပါးပါးလေး လုပ်တာမျိုး လိုချင်တာ။ ဘာမှအိုက်တင်တွေ ထူးထူးထွေထွေ မလုပ်ဘဲ ပေါ့ပေါ့ပါးပါးလေး လုပ်တာမျိုး ကိုလိုချင်တာ။ ဒီကားမှာသေချာ ကြိုးစားခဲ့ပြီး အခုလိုပရိသတ် အားပေးတယ်ဆိုတာ သိရတဲ့အတွက် ကြိုးစားရကျိုးနပ်တယ်လို့ ဆိုရမှာပါ။

    မေး - အရင်လုပ်ခဲ့တဲ့ ဒရာမာကားတွေနဲ့ အခု 'အိမ်ဖော်မလေး' ဇာတ်ကားဆို ဘာတွေကွာခြားလဲ။

    ဖြေ - ကွာတော့ကွာတယ်။ 'နေကြတ်ချိန်'လို ကားမျိုးကျတော့ ပေါက်ကွဲတဲ့ အမာဇာတ်ရုပ်မျိုးကိုမှ ပြန်ပြီးချိုးယူရတာ။ ဇာတ်ကောင်စရိုက်တွေ ကွာတယ်။ တစ်ကားနဲ့ တစ်ကားက ခံစားမှုချင်းတော့ မတူဘူးပေါ့။ 'အိမ်ဖော်မလေး' မှာကျတော့ တခြားအိမ်တစ်အိမ်ကို ရောက်နေလို့ အားငယ်နေရတဲ့ ဇာတ်ရုပ်မျိုးလေးပေါ့။ အဲဒီပုံစံလေး သရုပ်ဆောင်ရပါတယ်။

    မေး - မိုးညအိပ်မက်မြူလို ကားမျိုးကျတော့ရော ဘယ်လိုခံစားပြီး သရုပ်ဆောင်ခဲ့ရလဲ။

    ဖြေ - မိုးညဇာတ်ကားက ဗီဒီယို ၁၄ ကားလောက် ရိုက်အပြီးမှာ ရိုက်ရတဲ့ ပထမဆုံး ရုပ်ရှင်ကားကြီးပေါ့။ အရမ်းလည်း အတွေ့အကြုံနုသေးပါတယ်။ ဒီကားကအရင်ကလည်း အောင်မြင်ခဲ့ပြီးသား ဇာတ်ကားတစ်ကား ဖြစ်သလို ဇာတ်အိမ်ကလည်း အရမ်းကြီးတယ်။ စိုးပြည့်နဲ့အတူ တွဲဖက်ပါဝင်မယ့် သူတွေကလည်း ၀ါရင့်တွေပဲ ဖြစ်နေတဲ့အခါကျတော့ နည်းနည်းတော့ စိုးရိမ်စိတ်ကလေး ရှိခဲ့ပါတယ်။ တကယ်တမ်း ဇာတ်ကားအဖြစ် ပြန်ကြည့်ရချိန်မှာတော့ လိုအပ်ချက်တွေလည်း အများကြီး ရှိပါသေးတယ်။ ၀ါလည်း အရမ်းနုသေးသလို သိပ်လည်း မလုပ်တတ်သေးဘူးဆိုတော့ စိုးရိမ်စိတ်ကလေးတွေတော့ ရှိခဲ့ပါတယ်။

    မေး - အချစ်လားလာထား ဇာတ်ကားမှာ မြင်နေကျမဟုတ်တဲ့ ဟာသဇာတ်ရုပ်ကို ပေါ့ပေါ့ပါးပါးလေး လုပ်သွားတယ်နော်။

    ဖြေ - အဲဒီကားလေးက လုပ်နေကျမဟုတ်တော့ နည်းနည်းတော့ အခက်အခဲရှိတယ်။ စိုးပြည့်လုပ်နေကျကာ ရိုက်တာမျိုး မဟုတ်ဘူးလေ။ လူတစ်ယောက်ကို ငိုအောင်လုပ်ဖို့ကလည်း ခက်ပေမယ့် ရယ်အောင်လုပ်ဖို့ကတော့ ပို ခက်တယ်လို့ထင်တယ်။ လူတစ်ယောက်ကို မျက်ရည်ကျအောင်လုပ်ဖို့ ဆိုတာက ဇာတ်ကလည်းကောင်းမယ်၊ ကိုယ်လုပ်ပြတာကလည်း သူတို့ရင်ထဲ ရောက်မယ်ဆိုရင် လိုက်ငိုဖို့ဆိုတာ သိပ်မခက်ဘူး။ ကိုယ်က တအားငိုနေပေမယ့် ပရိသတ်က ရယ်နေတာမျိုးတွေလည်း တွေ့ဖူးတယ်။ ကိုယ်ကရယ်အောင် လုပ်ပေမယ့်လည်း ပရိသတ်က လိုက်ရယ်ချင်မှ ရယ်တာလေ။ ပညာရပ်နှစ်ခုလုံးကတော့ ခက်ပါတယ်။ စိုးပြည့်အနေနဲ့ နှစ်မျိုးလုံးကိုတော့ အားစိုက်ပြီးလုပ်တာပါပဲ။

    မေး - အမူအရာပိုင်းမှာ လုပ်နိုင်တဲ့သူ တစ်ယောက်အဖြစ် အသိအမှတ်ပြုထားတယ်ဆိုတော့ ရှေ့ဆက်ရမယ့်လမ်းအတွက် ပိုပြီးတာဝန်ကြီးမလား။

    ဖြေ - စိုးပြည့်အတွက် တာဝန်ကြီးပါတယ်။ စိုးပြည့်ကို တချို့ကားလေးတွေမှာ ပရိသတ် အသိအမှတ်ပြုတဲ့အခါကျတော့ နောက်ထပ်ကားလေးတွေမှာရော ကောင်းမလားပေါ့။ သူတို့မျှော်လင့်ကြမှာပဲလေ။ စိုးပြည့်တို့ အနုပညာသမားတွေ အတွက်ပရိသတ် အဲဒီလိုလက်ခံတယ်ဆိုရင် ပိုပြီးတာဝန်ကြီးပါတယ်။

    မေး - စိုးပြည့် ဖြတ်သန်းခဲ့တဲ့ အနုပညာသက်တမ်း တလျှောက် ပြန်တွေးမယ်ဆိုရင်ရော ကိုယ့်ကိုယ်ကိုယ် ဘယ်လိုပြန်သုံးသပ်ချင်လဲ။

    ဖြေ - စိုးပြည့်အခုဆိုရင် အနုပညာ သက်တမ်းသုံးနှစ် ကျော်သွားပြီပေါ့နော်။ အဲဒီကာလအတွင်းမှာ တစ်ဆင့်ပြီးတစ်ဆင့် ဖြတ်ကျော်ခဲ့ရပါတယ်။ တချို့အပိုင်းလေးတွေမှာ အဆင်ပြေတာတွေ ရှိသလို တချို့နေရာတွေမှာလည်း အခက်အခဲ တွေ့ရတာမျိုးလေးတွေလည်း ရှိပါတယ်။ အနုပညာကို လုပ်ချင်တဲ့စိတ် တစ်ခုတည်းနဲ့ပဲ အဲဒီ အခက်အခဲလေးတွေကို လျစ်လျူရှုပြီး လုပ်ဖြစ်ခဲ့တာပါ။ ပရိသတ်တွေ ကြည့်ရကျိုးနပ်မယ့် ကားမျိုးလေး တွေပေးချင်တယ်။ ဇာတ်ရုပ်စုံအောင်ပေးချင်တယ်။ ပုံစံတစ်မျိုးတည်းတော့ မသွားချင်ဘူး။ စိုးပြည့် တို့ဘက်က ပုံစံမျိုးစုံနဲ့ကြိုးစား အားထုတ်မှုအပေါ် ပရိသတ်ကလည်း ဝေဖန်အားပေးစေချင်ပါတယ်။

    မေး- စိုးပြည့်အတွက် ရိုးသားမှုဆိုတဲ့ ဂုဏ်က ဘယ်လောက်အရေးပါလဲ။

    ဖြေ - လူတစ်ယောက်မှာ တန်ဖိုးထားတဲ့ အရာတစ်ခုစီ ရှိပါတယ်။ စိုးပြည့်ကတော့ ရိုးသားမှုကို တန်ဖိုးထားတယ်။ အဲဒီရိုးသားမှုဆိုတဲ့ ဂုဏ်ကိုမြတ်နိုးသလို အဲဒီဂုဏ်လေး ပျောက်မသွားအောင်လည်း အမြဲစောင့်ထိန်းသွားမှာပါ။

    မေး - ရိုးသားမှုကို စောင့်ထိန်းတဲ့အတွက် ဖြတ်သန်းရတဲ့ခရီးလမ်းမှာ အခက်အခဲကြုံ ရတာမျိုးရောရှိလား။

    ဖြေ - လူတစ်ကိုယ် အကြိုက်တစ်မျိုးပေါ့။ ဘယ်ကိစ္စမဆို ကြိုက်တဲ့သူ ရှိသလို မကြိုက်တဲ့သူလည်း ရှိနိုင်ပါတယ်။ ရိုးသားမှုကို လက်စွဲထားတဲ့ အတွက် ကြုံရတဲ့အခက်အခဲ ဆိုတာမျိုးတွေတော့ ရှိပါတယ်။ ဒါပေမယ့် စိုးပြည့်အနေနဲ့ကတော့ ရိုးသားမှုဆိုတာကိုပဲ အမြဲလက်ကိုင်ထားမှာပါ။